သာကေတမှာ ရွှေဆိုင်ကိုဓားပြတိုက်မှုဖြစ်၊ ကျပ်သိန်းသုံးထောင်ဝန်းကျင် ပါသွားတယ်လို့ဆို

မေ၊ ၁၃
 
ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကြယ်စင်လင်း စိန်ရတနာရွှေဆိုင် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဓါးပြတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်းမျိုးစုံ တပိဿာဝန်းကျင်နဲ့ ငွေသားတချို့ ပါသွားတယ်လို့ အဲ့ဒီစိန်ရွှေရတနာဆိုင်က တာဝန်ရှိသူတွေဆီက သိရပါတယ်။
 
“ ဆိုင်ထဲမှာပဲ ပစ္စည်းတွေခင်းထားတာကိုပဲ ယူသွားတာ၊ ဆိုင်ထဲမှာ ကလေးတွေပဲ (ဝန်ထမ်း) ရှိတယ်။ သုံးယောက်၊ လေးယောက်လောက်လို့ ပြောတယ်၊ ဝန်ထမ်းတွေကို သေနတ်နဲ့ ထောက်ပြီး ခင်းထားတာ အကုန်နီးပါးပဲ ယူသွားတယ်၊ တပိဿာလောက်ရှိမယ်၊ ရွှေငွေတွေ အကုန်လုံးပဲ၊ အရေအတွက်နဲ့ တန်ဖိုးပေါင်းကတော့ တွက်ပြီး စစ်နေတုန်းပဲ ” လို့ အဲဒီ စိန်ရွှေရတနာဆိုင်က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
သာကေတမြို့နယ်၊ ၁၀ ဈေးရှေ့၊ (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်းမှာရှိတဲ့ ကြယ်စင်လင်းစိန်ရွှေရတနာဆိုင်ကို ဒီကနေ့ မနက်ပိုင်းက ပရိုဘောက်ကားနဲ့လာတဲ့ လူတစုက ဆိုင်ထဲဝင်ကာ ဝန်ထမ်းတွေကို သေနတ်ထောက်​ပြီး ဓားပြတိုက်သွားတာလို့ သိရပါတယ်။
 
ဓားပြတိုက်ခံရမှုကြောင့် စိန်ရွှေရတနာမျိုးစုံ၊ ရွှေထည်ပစ္စည်း တပိဿာဝန်းကျင်နဲ့ ငွေသားတချို့ စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်းသုံးထောင်ကျော် ပါသွားနိုင်တယ်လို့ ဆိုပါတယ်။
 
“ အဲဒီဘေးနားကလူတွေ ပြောတာကတော့ သေနတ်ပစ်ခတ်သံတွေလည်း မကြားရဘူး၊ ဆိုင်ထဲဝင်လာတယ်၊ ဝန်ထမ်းတွေကို အနောက်ဘက်အခန်းထဲကို ခေါ်သွားပြီး သေနတ်နဲ့ထောက်ထားတယ်၊ ကျန်တဲ့လူတွေက ပစ္စည်းသိမ်းပြီး၊ ချက်ချင်းပဲ ဆိုင်ထဲက ထွက်လာပြီး ကားမောင်းပြေးသွားတယ်၊ ဝန်ထမ်းတွေတော့ ဘာမှ ထိခိုက်ဒဏ်ရာရသွားတာမျိုး မရှိဘူးလို့ သိရတယ် ” လို့ သာကေတမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းတာ၊ တချို့လမ်းပိုင်းတွေကို ပိတ်ဆို့စစ်​ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့ ညနေ လေးနာရီအထိတော့ ဓားပြအဖွဲ့တွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုတွေ၊ ဓါးပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး ကျူးလွန်သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့အမှုတချို့ရှိသလို အများစုကိုတော့ တရားခံတွေဖမ်းဆီးရမိတာ မရှိပါဘူး။ 
ဓာတ်ပုံ – Social Media