ရန်ကုန်သပိတ်ဆန္ဒပြပွဲအပြီး လမ်းသွားလမ်းလာ ငါးဦးခန့် ဖမ်းဆီးခံရ

photos-yangon drone&လူငယ့်ခေတ်

လုံခြုံရေးတင်းကျပ်ထားတဲ့ စမ်းချောင်းမြို့နယ်၊မြေနီကုန်းနဲ့ တော်လှန်ရေးပန်းခြံအနီးမှာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်”  ခေါင်းစဥ်နဲ့ သပိတ်အဖွဲ့တွေက ဒီကနေ့ ညနေပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာ လူငယ်ငါးဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်လူငယ်တစ်ဦးက DNAကိုပြောပါတယ်။

“ကျွန်တော်တို့အင်အားစုတွေအကုန် saveဖြစ်တယ်။ဒါပေမယ့် လမ်းသွားလမ်းလာ လူငယ်တွေလို့ ကျွန်တော်တို့ကြားသိရတယ်။”လို့ ဆိုပါတယ်။

သပိတ်အဖွဲ့တွေက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခေါင်းပုံသဏ္ဍာန် ခေါင်းပြတ်ကို မီးရှို့တဲ့ ပုံစံနဲ့ ဆန္ဒပြပြီးနောက်မှာ စစ်ကောင်စီတပ်တွေရောက်လာပြီး လမ်းသွား ၊ လမ်းလာလူငယ်တွေ ၊ delivery ပို့ဆောင်သူတွေနဲ့ ဖြတ်သန်းသွားလာသူအချို့ကို ကျောပိုးအိပ်နဲ့ လက်ကိုင်ဖုန်းစစ်ဆေးတာတွေ လုပ်ဆောင်ပြီး လူငယ် ၅ဦးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စမ်းချောင်းဒေသခံတွေဆီက သိရတဲ့အပြင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကလည်း ထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာ ဖမ်းဆီးခံခဲ့သူတွေနဲ့ ပတ်သက်ပြီး ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ပြန်လွှတ်ပေးမှုရှိ၊မရှိကိုတော့ DNA က စုံစမ်းနေစဲ ဖြစ်ပါတယ်။

သပိတ်ကို  ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က ဦးဆောင်ပြီး Youth Association Of Thingangyun (Y.A.T)၊  ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ၊ Owl Community၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ LGBT Community Yangon၊ ဗမာ့လူငယ်ကွန်ရက်နဲ့တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ပေါင်းဆုံပြီး Youth Scout for Democracy (Y.S.D) ရဲ့ မြေပြင်ကင်း​ထောက်ပံ့ပိုးမှုနဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သပိတ်အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။