ဓားပြမှုကျူးလွန်သူတွေမိတယ်လို့ ထုတ်ပြန်တဲ့နေ့မှာ မန္တလေးမှာဓားပြတိုက်မှုထပ်ဖြစ်

မေ၊ ၆
 
ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်တဲ့ ဒီကနေ့မှာပဲ မန္တလေးမြို့ အမရပူရမြို့နယ်က DENKO ဆီဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၅၀ ဝန်းကျင် ပါသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
မန္တလေးမြို့အနောက်ဘက် အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာ စစ်ကိုင်း-မန္တလေးသွားကား လမ်း (ကမ်းနားလမ်း) ရှမ်းကလေးကျွန်းကျေးရွာနဲ့ ကန်တော်ကြီးအနီးမှာ ဖွင့်လှစ်ထားတဲ့ DENKO ဆီဆိုင် ဒီကနေ့ မနက်အစောပိုင်းက ဓားပြတိုက်ခံရတာလို့ သိရပါတယ်။
 
ဒီကနေ့ မနက်အစောပိုင်း မနက်နှစ်နာရီဝန်းကျင်လောက်မှာ ဆိုင်ကယ်ဆီပြတ်သွားလို့ဆိုကာ အဲ့ဒီဆီဆိုင်ထဲ ဆီရောင်းချပေးဖို့ တောင်းဆိုဝင်ရောက်လာတဲ့ အမျိုးသားသုံးဦးက ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
 
” အဲဒီဆီဆိုင်က ညဘက်တွေဆို မဖွင့်ပါဘူး၊ စစ်ကိုင်း- မုံရွာသွားတဲ့ ကားဂိတ်အနီးဆိုတော့ နေ့ခင်းဆိုရင်တော့ လူစည်ပါတယ်၊ ညဘက်ဆိုရင်တော့ ကမ်းနားလမ်းဘက်က လူပြတ်တယ်လေ၊ အော်ပြီး အကူအညီတောင်းလည်း သိပ်မလွယ်လောက်ဘူး၊ လူနေအိမ်နည်းတယ်၊ သူ့မြောက်ဘက်က ကန်တော်ကြီးလေ။ ကျွန်တော်တို့လည်း ဓားပြတိုက်ခံရတယ်လို့ပဲ ကြားတာပဲ၊ ဝန်ထမ်းတွေကြိုးတုပ်ပြီး ငွေတွေယူသွားတယ်ပြောတယ်။ ဆီရောင်းရငွေတွေပါ အသေးစိပ်တော့ မသိဘူး၊ အခုတော့ ပုံမှန်ပါပဲ၊ အဲဒီဖက်သွားလာနေကြတာပါပဲ ” လို့ အဲဒီဆီဆိုင် အနီး နေထိုင်သူတဦးက ပြောပါတယ်။
 
အမည်မသိ အမျိုးသားနှစ်ဦးက ဓားရှည်တွေကိုင်ဆောင်ပြီး ဆိုင်ဝန်ထမ်း နှစ်ဦးအပါအဝင် မန်နေဂျာဖြစ်သူကို လက်ပြန်ကြိုးတုပ်ကာ မီးခံသေတ္တာအတွင်းထားရှိတဲ့ ဆီရောင်းရငွေ ကျပ်သိန်း ၂၅၀ ကျော်ကို ဓားပြတိုက်ယူဆောင်ခဲ့ကြတာလို့ သိရပါတယ်။
 
ဒါ့အပြင် လုယက်ဓားပြတိုက်သူတွေက ဆီဆိုင်မှာ တပ်ဆင်ထားတဲ့ CCTV တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ယူသွားကြတယ်လို့ ဆိုပါတယ်။
 
မန္တလေးမြို့မှာ အခုနှစ်အတွင်း လတိုင်းနီးပါးဆိုသလို ရွှေဆိုင်တွေ၊ ဆီဆိုင်တွေနဲ့ ဖုန်းအရောင်းဆိုင်တွေမှာ အခုလိုပဲ ဓားပြတိုက်၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ DENKO ဆီဆိုင် ဓားပြတိုက်မှုဖြစ်စဉ်ကတော့ အခုလအတွင်း ပထမဆုံးဓားပြတိုက်မှုလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေနဲ့ပက်သက်ပြီး ကျူးလွန်ခဲ့သူခြောက်ဦးနဲ့ ရွှေထည်ပစ္စည်းတွေကို လက်ခံဝယ်ယူခဲ့တဲ့ ရွှေဆိုင်နဲ့ ရွှေကောက်လုပ်ငန်းပိုင်ရှင်ငါးဦးကို ဖမ်းမိထားပြီလို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ