မန္တလေးမှာ ဓားခုတ်လုယက်ခံရလို့ အမျိုးသားတဦးသေဆုံး၊ တဦးပြင်းထန်ဒဏ်ရာရ

ဧပြီ၊ ၂၉
 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ မနေ့ကညပိုင်းက ဓားနဲ့ထိုးပြီး ဆိုင်ကယ်အလုခံရတဲ့ အမျိုးသားတဦး ဓားဒဏ်ရာကြောင့် သေဆုံးသွားသလို နောက်ထပ်အမျိုးသားတဦးကတော့ ပြင်းထန်ဒဏ်ရာတွေ ရထားတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
 
မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ ၄၂ လမ်းအနီးမှာ မနေ့က ည ၈ နာရီဝန်းကျင်လောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို အမည်မသိလူတစုက ဓားနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယူရန်အတွက်ကြိုးပမ်းခဲ့တာလို့ သိရပါတယ်။
 
ဓားနဲ့ ဝိုင်းခုတ်ခံရတဲ့ အမျိုးသားနှစ်ဦးအနက် တဦးကတော့ ဆေးရုံကြီးအရောက်မှာ ရရှိခဲ့တဲ့ ဓားဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တာလို့ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
” အဲဒီနေရာက လူပြတ်တဲ့နေရာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့်မကြာခဏတော့ ဆိုင်ကယ်လုယူတာတွေ ဖြစ်တက်တယ်၊ မနေ့က ညရှစ်နာရီလောက်ဆိုတော့ လူတွေတော့ ရှိသေးတယ်၊ လူ (လုယက်သူတွေ)က အတော်များတယ်၊ ဓားတွေနဲ့ ဝိုင်းခုတ်ကြတာ ရုတ်ရုတ်ဖြစ်တော့ အဲကောင်တွေ ထွက်ပြေးသွားတယ် ” လို့ ဖြစ်စဉ်ကိုသိတဲ့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
 
ဆိုင်ကယ်လုယူဖို့ အခုလို ဓားနဲ့ဝိုင်းခုတ်ကြတာလို့ ဆိုကြပေမယ့် ဓားကိုင်လူတစုဟာ ဆိုင်ကယ်ကိုတော့ ယူမသွားနိုင်ဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့က ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁) ဈေးပေါက်ရှိ ထက်ဝေယံ ရွှေဆိုင်ကို လက်နက်ကိုင်အမျိုးသားနှစ်ဦးက ဓားပြဝင်တိုက်ခဲ့လို့ ကျပ်သိန်း ၂၅၀၀ နီးပါးတန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ပါသွားခဲ့ပါသေးတယ်။
 
” ဈေးပေါက်က ရွှေဆိုင်ပါ၊ ဒီကနေ့မနက်ကတော့ အဲဒီဆိုင်ကို ပိတ်ထားတယ်၊ ဈေးဆိုတော့ လူအတော်စည်ပါတယ်၊ ဒါပေမယ့် အခုဘာဖြစ်နေလည်းဆိုတော့ ကြောက်ကြတာပေါ့၊ ကိုယ်ဖြစ်လည်း သူမကယ်နိုင်သလို ကိုယ်ဖြစ်လည်း သူမကယ်နိုင်တော့ဘူး၊ ဖြစ်နေတောင် ကြည့်နေရုံပဲ တက်နိုင်တယ်၊ ပြီးတော့မှာ ဘာတွေပါသွားလည်းပဲ မေးနိုင်တော့တယ် ” လို့ စက်မှု (၁) ဈေးအနီး ဈေးရောင်းချနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် မန္တလေးမှာ အခုလိုလုယက်မှုတွေနဲ့ ဓားပြတိုက်မှုတွေ၊ လူသတ်မှုတွေ လစဉ်ဖြစ်နေပေမယ့် ကျူးလွန်သူတွေကို စစ်အုပ်စုက ထိထိရောက်​ရောက်မဖမ်းဆီးနိုင်ဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။ မန္တလေးမြို့မှာ အာဏာသိမ်းပြီးနောက် ရာဇဝတ်မှုတွေမြင့်တက်လာတာကြောင့် ကျူးလွန်သူတွေကို ဝိုင်းဝန်းဖမ်းဆီးဖို့ အရပ်သားတွေက ဖွဲ့စည်းထားတဲ့ အဖွဲ့တချို့လည်း ပေါ်ပေါက်လာပါတယ်။
 
” အခုက အိမ်မှာနေလည်း ကြောက်နေရတယ်၊ လမ်းထွက်ရင်လည်း ကြောက်နေရတယ်၊ သူတို့ကို လိုင်းပေါ်ကသာ ဝေဖန်လိုက် ချက်ချင်းလာဖမ်းတယ်၊ သူခိုး၊ ကျပိုး၊ လူသတ်သမားကျတော့ လိုက်မဖမ်းဘူးဗျ၊ မိရင်တောင် ဒီကောင်တွေက ငွေပေးရင် ပြန်လွှတ်ပေးမယ့်သဘောဗျ၊ အဲတော့ လူတွေက ဘယ်သူ့အားကိုးရမှန်းမသိဘူး ” လို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – မဏိစလ လူမှုကူညီရေးအသင်း