အပူဒဏ်နဲ့ လျှပ်စစ်မီးမမှန်မှုကြောင့် ရန်ကုန်က နာရေးတွေနေ့ချင်းသင်္ဂြိုလ်ရမှုများလာ

ဧပြီ၊ ၂၇

လက်ရှိကာလ ရာသီဥတု ပူပြင်းတာနဲ့ လျှပ်စစ်မီးမမှန်တာတွေကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဓလေ့အတိုင်း သုံးရက်ကြာ ထိန်းသိမ်းထားဖို့အခက်အခဲဖြစ်လာလို့ နေ့ချင်းသင်္ဂြိုလ်မှုတွေများလာတယ်လို့ ရန်ကုန် မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။

ရာသီဥတုအပူရှိန်နဲ့ လျှပ်စစ်မီးမမှန်တဲ့အခြေအနေတွေကြောင့် ရေခဲတိုက်တွေမှာ ရုပ်အလောင်းတွေကို သုံးရက် ကြာထားဖို့အခက်အခဲဖြစ်လာပြီး နေ့ချင်းသင်္ဂြိုလ်ရတာတွေရှိနေတာလို့ သူတို့ကဆိုပါတယ်။

“အသိတယောက်ကဒီနေ့သင်္ဂြိုလ်ရမယ့်နေ့၊မနေ့ကရေခဲတိုက်ကဖုန်းဆက်ပြီး ချက်ချင်းသင်္ဂြိုလ်မှရ တော့မယ်ဆိုလို့ မနေ့ကပဲသင်္ဂြိုလ်လိုက်ရတယ်”လို့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူ တဦးက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာနေထိုင်သူတဦးကလည်း သေဆုံးသွားတဲ့ အစ်ကိုဖြစ်သူကိုပြီးခဲ့တဲ့ရက်ပိုင်းက ချက်ချင်းသင်္ဂြိုလ် လိုက်ရတယ်လို့ကိုယ်တွေ့ကြုံရတဲ့အခြေအနေကို ပြောပြပါတယ်။

“ဆက်ထားရင်ရုပ်ပျက်မယ်၊အဆင်မပြေဘူးဆိုတာနဲ့ အားချင်းသင်္ဂြိုလ်လိုက်ရတာ၊အဲဒီလို အားချင်းသင်္ဂြိုလ်ရတဲ့ နာရေးရှင်တွေလည်းတွေ့ခဲ့တယ်”လို့ သူကပြောပါတယ်။

 နာတာရှည်ရောဂါနဲ့ကွယ်လွန်သူတွေ၊ ခန္ဓာကိုယ်အတွင်း ရောဂါနဲ့ကွယ်လွန်သူတွေဟာ လက်ရှိအခြေအနေ တွေအရ ရက်ရှည်ထားဖို့မဖြစ်နိုင်တဲ့အခြေအနေဖြစ်လို့ အမြန်သင်္ဂြိုလ်လိုက်ရတာမျိုးရှိနေတာလို့ နာရေးကူညီမှု အသင်းတာဝန်ရှိသူတဦးကလည်း ရှင်းပြပပါတယ်။

“ကာယကံရှင်နဲ့ စည်ပင်ညှိပြီးသဘောတူလုပ်ကြတာလို့ပဲသိထားတယ်”လို့ ရန်ကုန်မြို့အခြေစိုက် နာရေးကူညီမှု အသင်းတခုရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆီ DNA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီလက်အောက်ခံ လဝကဌာနရဲ့ အချက်အလက်တွေအရ လူဦးရေ ရှစ်သန်းခွဲလောက်နေထိုင်တဲ့ ရန်ကု န်မြို့မှာ စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲနေတဲ့ သုသာန်ခုနစ်ခုရှိပြီး ပုံမှန်အား ဖြင့် နေ့စဉ် ရုပ်အလောင်း (၁၀၀)ကနေ (၁၅၀)ကြား သင်္ဂြိုလ်ပေးနေရတယ်လို့ စည်ပင်သာယာရေးကော်မတီရဲ့ အချက် အလက်တွေ အရသိရပါတယ်။

နိုင်ငံတဝန်းအပူချိန်တွေမြင့်တက်နေတဲ့ လက်ရှိကာလအတွင်း ရန်ကုန်မြို့မှာ နေ့စဉ်အပူချိန် ၄၀စင်တီဂရိတ် ဝန်း ကျင်အထိ မြင့်တက်နေတာပါ။ဒီလိုအပူချိန်မြင့်တက်နေတာကြောင့် တပတ်အတွင်းရန်ကုန်မှာ အမျိုးသားသုံးဦး ထက်မနည်းလဲကျသေဆုံးမှုလည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ လျှပ်စစ်မီး မမှန်မှုဟာလည်း ဆိုးဆိုးရွားရွားဖြစ်နေပြီး မြို့နယ်တချို့မှာ အိမ်သုံး လျှပ်စစ် တနေ့နာရီပိုင်းလောက်သာ သုံးစွဲခွင့်ရတာမျိုးတွေလည်းရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။