ကိုဗစ်ရောဂါ ကူးစက်သူတရက်ထဲ ၄၆ ဦးရှိ၊ ပြည်တွင်းကူးစက်သူ ၂၇ ဦးပါဝင်

ဧပြီ၊ ၂၃
 
ပြည်တွင်းမှာ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလပြီးထဲက ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး မနေ့ကတနေ့ထဲမှာဘဲ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၄၆ယောက်အထိ ရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
 
အဆိုပါ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူတွေထဲက ၂၇ ဦးဟာ ပြည်တွင်းမှာဘဲ ကူးစက်ခံရသူတွေဖြစ်ပြီး ၁၉ ဦးကတော့ ပြည်ပကပြန်လာသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီပမာဏဟာ မတ်လ၂၂ ရက်မှာ၂၄ ဦးနဲ့ မတ်လ၂၄ ရက်က ၃၈ ဦးကူးစက်ခံရပြီးနောက် အများဆုံးဖြစ်လာပေမယ့် ဘာကြောင့်အခုလိုပြန်များလာတာကို ထုတ်ဖော်မပြောသေးပါဘူး။
 
ကူးစက်မှုနှုန်းဟာ ယခုနှစ်မှာ အများဆုံးဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဧပြီလအစပိုင်းမှာ ကိုဗစ်ရောဂါပိုးငြိမ်နေပြီး သင်္ကြန်ကာလအတွင်းမှာနဲ့ သင်္ကြန်ကာလပြီး‌နောက်ပိုင်းမှာတော့ တရက်ကို ကိုဗစ်ပိုးတွေ့သူ ဆယ်ဂဏန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။
 
အခုလို အပူချိန်မြင့်တက်လာတဲ့ အခြေအနေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူတွေအနေနဲ့ ယခင်ကထက် ပိုပြီးဆိုးရွားတဲ့ ခန္ဓာကိုယ်နုန်းချိတာ၊ အသက်ရှုမဝတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှုခက်ခဲတာတွေ ရင်ဆိုင်နေရတယ်လို့ ကိုဗစ်ကူးစက်ခံထားရသူတွေက ဆိုပါတယ်။
 
” သာမန်ဖျားနာတဲ့ အခြေအနေမျိုးကိုမှ သူက တကိုယ်လုံးနုန်းပြီး ခေါင်းတွေကိုက်တယ်၊ မလှုပ်မရှားချင်နဲ့ ပင်ပန်းတယ်ပေါ့နော်၊ ရာသီဥတုက ပူတော့ လူကပိုနုန်းပြီး ခံနိုင်ဖို့ တော်တော်ခက်ခဲပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင်နဲ့ အသက်ရှုမဝတဲ့ အခြေအနေတွေ ခံစားရပါတယ်၊ နောက်ပြီး အနားယူနေပေမယ့် ပင်ပန်းပြီး နလန်ပြန်ထူဖို့ ပိုခက်ခဲမယ် ” လို့ ရန်ကုန်က ကိုဗစ်ရောဂါကူးစက်ခံထားရသူတဦးက ပြောပါတယ်။
 
ယခုလို ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာတာဟာ ပြည်တွင်းမှာသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေမှာပါ သိသိသာသာ မြင့်တက်လာပါတယ်။ ကမ္ဘာတဝှမ်းမှာလည်း အိုမီခရွန်ကိုဗစ်မျိုးကွဲအသစ်တွေ့ရှိနေပြီး ဒီမျိုးကွဲသစ်ဟာ ပိုပြီးကူးစက်နှုန်းမြန်တာကြောင့် ပြည်တွင်းမှာလည်း ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်နိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ့်အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ယခုရက်ပိုင်း ဖော်ပြလာကြပါတယ်။
 
တနင်္သာရီတိုင်းမှာလည်း အသက်တနှစ်ကျော် ကလေးတဦးအပါအဝင် ငါးဦး ကိုဗစ်ကူးစက်ခံထားရတယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ Dawei Watch သတင်းဌာနက ဖော်ပြထားပါတယ်။ 
 
ကမ္ဘာတဝှမ်းမှာလည်း အိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်တွေ့ရှိနေပြီး ဒီမျိုးကွဲသစ်ဟာ ပိုပြီးကူးစက်နှုန်းမြန်တာကြောင့် ပြည်တွင်းမှာလည်း ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်နိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ့်အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ယခုရက်ပိုင်း ဖော်ပြလာကြပါတယ်။
 
လတ်တလော ပြည်တွင်းမှာတော့ XBB.1.16 အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို မတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။
 
ပြည်သူတွေအနေနဲ့ ယခုအခြေအနေမှာ ကျန်းမာရေးကို ပိုဂရုစိုက်ကြဖို့၊ ကိုယ်ခံအားကောင်းဖို့ နေ့စဉ်လေ့ကျင့်ခန်းတွေ လုပ်ကြဖို့နဲ့ ကိုဗစ်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ကြဖို့လည်း ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။
 
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတွေ့တဲ့၂၀၂၀ ပြည့်နှစ်၊ မတ်လကနေ ဧပြီလ ၂၂ ရက်အထိ အတည်ပြုလူနာ ၆၃၄၀၃၄ ဦး၊ သေဆုံးသူပေါင်း ၁၉ ၄၉၀ ဦး၊ ပြန်လည်ကောင်းမွန်သူ ၆၁၄ ၆၇၈ ဦးရှိတယ်လို့ သိရပြီး ရောဂါတွေ့နှုန်း ၀ ဒဿမ ၃၄ ရာခိုင်နှုန်းဖြစ်ပါတယ်။
 
မြန်မာနိုင်ငံရဲ့ လတ်တလောရင်ဆိုင်နေရတဲ့ အပူချိန်မြင့်တက်လာတဲ့ အခြေအနေတွေကြောင့် လူထုအကြား ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ နည်းနာတွေကို လိုက်နာဖို့နဲ့ နှာခေါင်းစည်း မက်စ်တွေ တပ်ဆင်ဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
 
ရန်ကုန်မြို့ရှိ ဆရာဝန်တဦးက အရင်က မက်စ်တပ်ဖို့၊ လူစုလူဝေးမနေကြဖို့၊ လက်ဆေးဖို့ စတဲ့စည်းကမ်းတွေ လိုက်နာကြပေမယ့် ဒီနောက်ပိုင်းမှာ သိသိသာသာ လိုက်နာမှုအားနည်းလာတယ်လို့ ပြောပါတယ်။
 
“ ပူလောင်နေတော့ မက်စ်တွေလည်း မတပ်နိုင်ကြတော့ဘူး၊ အဆင်ပြေသလိုနေနေကြရတဲ့ အနေအထားတွေဆိုတော့ ဒီတိုင်းဆက်သွားရင်တော့ ရောဂါကူးစက်မှုက ပိုများလာနိုင်ပါတယ် ” လို့ ပြောပါတယ်။
ဓာတ်ပုံ – MOHS (ပုံဟောင်း)