ဖားကန့်မြို့ရှိ KTV တခုမှာ ဗိုလ်မှူးတဦးအပါအဝင် ငါးဦးပစ်ခတ်ခံရပြီး သေဆုံး

ဧပြီ၊ ၂၃
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ KTV တခုမှာ ဒီကနေ့ မနက်ပိုင်းက အမည်မသိလက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်အုပ်စုရဲ့ ဗိုလ်မှူးတဦးအပါအဝင် ၅ ဦးသေဆုံးသွားတယ်လို့ ဒေသခံတဦးက DNA ကို အတည်ပြုပြောပါတယ်။
 
ဒီကနေ့ ဧပြီလ ၂၃ ရက်၊ မနက် ၅ နာရီလောက်က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးတဦးအပါအဝင် ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။
 
” ဟုတ်တယ်။ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ ဝင်ပစ်လို့ စစ်တပ်ကတစ်ယောက် သေသွားတယ်။ ကျန်တာက ကျောက်သမားနှစ်ယောက်နဲ့ အမျိုးသမီးကော ပါသွားတယ်။ စစ်တပ်ကကောင်က အဲဒီမှာ ပွဲတခုလုပ်ဖို့ ရောက်နေတာ၊ ကျောက်သမားတွေကို ဖိတ်တော့ အားနာပြီး သွားမိတယ်ထင်တယ်။ အကုန်ပစ်ခံရပြီး သေသွားတယ်။ မြို့ပေါ်မှာတော့ အခုပုံမှန်ပါပဲ စစ်ဆေးတာကျပ်တာဘာညာ မရှိပါဘူး ” လို့ ဖားကန့်မြို့ ဒေသခံတဦးက ပြောပါတယ်။
 
ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဒုဗိုလ်မှူးဆိုသူက စစ်ကောင်စီတပ်ရဲ့ ခလရ (၇၆)မှ ဗိုလ်မှူးဇော်မောင် ဆိုသူဖြစ်ပြီး ကျန်ကျောက်သမားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး တို့နဲ့ပတ်သက်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ကချင်လွတ်မြောက်ရေးတပ်မတော် KIA လှုပ်ရှားမှုရှိနေတဲ့ ဖားကန့်မြို့မှာ ယခုပစ်ခတ်မှုကို မည့်သည်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းကလည်း အဲဒီ ကေတီဗီကို ရောက်ရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၁၆ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး တရားစွဲဆိုတာတွေ လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ၅ ရက်အကြာမှာ ဖားကန့်မြို့ မှောစီစာကျေးရွာရှိ Sky ဟိုတယ် ကေတီဗီမှာရောက်နေတဲ့ စစ်အုပ်စုရဲ့ ဗိုလ်ကြီးတဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။ 
ဓာတ်ပုံ – KTV