ကချင်အရပ်ဘက်အဖွဲ့ရဲ့ ကွန်ပျူတာသင်တန်းကျောင်း ဖွင့်ပြီး ရက်ပိုင်းအတွင်း ဖျက်ဆီးခံရ၊ တဦးဖမ်းဆီးခံရ

မတ်၊ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာရပ်ကွက်မှာ ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ ကွန်ပျူတာသင်တန်းကျောင်းတခုကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို အဲ့ဒီသင်တန်းကျောင်းမှာ အစောင့်အဖြစ်နေထိုင်သူ တဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 အဲ့ဒီကွန်ပျူတာသင်တန်းကျောင်းဟာ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (Wunpawng Myu Sha Zinlum Hpung)က ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်တယ်လို့သိရပြီး မတ်လ ၁၇ရက် မနက်အစောပိုင်းမှာ စစ် ကောင်စီတပ်သားတွေရောက်လာပြီးဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

 “ လာဖျက်ဆီးသွားတာက ကွန်ပျူတာတွေထားထားတဲ့ အဆောင်တခုကိုပဲ ဖျက်ဆီးသွားတယ် ပေါ့နော်၊အဲ့မှာ စောင့်တဲ့ အမျိုးသားတယောက်ကိုလည်း ဖမ်းသွားတယ်”လို့ မှော်စီဇာရပ်ကွက်မှာ နေထိုင်သူတဦးက DNA ကို ပြောပါတယ်။

သင်တန်းကျောင်းအဆောက်အဦးကို ဖျက်ဆီးခဲ့တာ၊အစောင့်ကိုဖမ်းသွားတာတွေဟာာ ဘာကြောင့်ဆိုတာ ရှင်း ရှင်းလင်းလင်းမသိရပါဘူး။စစ်ကောင်စီဟာ အဲ့ဒီသင်တန်းကျောင်းဖွင့်ပွဲတက်ခဲ့သူတွေကိုလည်း လိုက်စုံစမ်းနေ တယ်လို့ ဖားကန့်ဒေသခံကပြောပါတယ်။

အဲ့ဒီသင်တန်းကျောင်း ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာ တူးခေါင်ကလည်း သူ့ရဲလူမှုကွန် ရက်မှာ အတည်ပြုဖော်ပြထားပါတယ်။

“ကချင် အရပ်ဖက်အစည်းအရုံး အဖွဲ့ဟာ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ကြိုး စားခဲ့တာကြောင့် မူးယစ်ရောင်းဝယ်ဖောက်ကားသူများနှင့်မကြာခဏ ပဋိပက္ခ ဖြစ်တတ်လေ့ရှိသည် ” လို့လည်းသူကရေးသားဖော်ပြထားပါတယ်။

ဒီသင်တန်းကျောင်းကို မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ လူငယ်တွေ နည်းပညာကို တတ် ကျွမ်းစေဖို့နဲ့ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရုံးဝင်းအတွင်းကကွန်ပျူတာသင် တန်းကျောင်း တခုတည်းကိုသာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ကွန်ပျူတာ ကိုးလုံးအပါအဝင်တခြားရုံးသုံးပစ္စည်းတွေကို လည်း ရိုက်ခွဲသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – Dr. Tu Hkawang FB