AAနဲ့ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံထားရသူတွေ ရုံးချိန်းမှာတရားလိုစစ်အရာရှိတွေပျက်ကွက်လို့အမှုတွေ ကြန့်ကြာနေ

မတ်၊ ၁၈

ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး ရခိုင်တိုက်ပွဲကာလအတွင်းက ဖမ်းဆီးတရားစွဲခံခဲ့ရသူတွေရဲ့ အမှု တွေမှာ တရားလိုဖြစ်သူ စစ်ကောင်စီတပ်အရာရှိတွေဟာ ရုံးချိန်းတွေကို ဆက်တိုက်ပျက်ကွက်နေ တဲ့အတွက် အမှု ကြန့်ကြာကာ နစ်နာနေကြရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

“တရားလိုဘက်က ရုံးချိန်းမလာတာ ၁၃ ကြိမ် ဆက်တိုက်ရှိပြီ၊ ကျွန်မတို့မှာ နစ်နာပါတယ်၊ ဘာမှအပြစ်မရှိဘဲ ဖမ်း ထားတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ကျောက်ဖြူမြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ တရားစွဲခံထားရသူတဦးရဲ့ မိသားစုဝင်တဦးက DNA ကို ပြောပါတယ်။

အဲဒီလိုတရားလိုဘက်က ရုံးချိန်းလာရောက်ဖို့ ပျက်ကွက်တာကြောင့် ကြန့်ကြာနေရတဲ့အမှုတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်စတဲ့ မြို့နယ်တွေအတွင်း (၂၀) ဝန်းကျင်အထိ ရှိနေပြီး ရုံးချိန်း ငါးကြိမ်ကနေ  (၁၀) ကြိမ်ကျော်အထိ တရားလိုဘက်ကဆက်တိုက်ပျက်ကွက်နေတာဖြစ်တယ်လို့ မိသားစုဝင် တွေက ဆိုပါတယ်။

 အဲဒီလို ရုံးချိန်းတွေ ပျက်ကွက်နေတာကြောင့် စွပ်စွဲခံရသူတွေမှာ ရုံးချိန်းသွားရတဲ့ စရိတ်အပါအဝင် နစ်နာမှုအများ အပြားရှိနေလို့ မြန်မြန်ဆန်ဆန်စစ်ဆေးပြီး အမိန့်ချမှတ်စေချင်တယ်လို့ ကျောက်တော်မြို့နယ်က ပုဒ်မ ၁၇(၁)နဲ့ တရား စွဲခံနေရသူတဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

“အပြစ်မရှိရင်လည်း အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်”လို့ သူက ဆိုပါတယ်။

 ဖမ်းဆီးတရားစွဲဆိုခံနေကြရပြီး တရားလိုတွေဘက်က ရုံးချိန်းပျက်ကွက်လို့ ကြန့်ကြာနေကြရတဲ့ အမှုတွေက စွပ်စွဲ ခံရသူ‌တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလတွေလောက်ကတည်းက ဖမ်းဆီးခံခဲ့ကြရသူ‌တွေ ဖြစ်ပါတယ်။

အခုလို တရားလိုဘက်က ရုံးချိန်းတွေ ဆက်တိုက်ပျက်ကွက်နေတာဟာ ဥပဒေကို မထီမဲ့မြင်ပြုနေတာဖြစ်သလို စစ်ကောင်စီက ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာလည်းဖြစ်တယ်လို့ ရခိုင်ဒေသတွင်းကလူ့အ ခွင့်အရေးလှုပ်ရှားသူ တွေက ဝေဖန်ပါတယ်။

“အာဏာရှင်ခေတ်မှာ ဖမ်းဆီးတဲ့ ဖမ်းဆီးမှုဖြစ်လို့ အာဏာရှင်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေတာ၊ တရားရေး ကလည်း သူတို့အောက်မှာ ရှိတယ်၊ဆိုတော့ (ရုံးချိန်း) သွားချင်သွားမယ်၊ မသွားချင်မသွားဘူး။ ဖမ်းချင်ဖမ်းမယ်၊ ချုပ်ချင်ချုပ်မယ် အဲလိုဖြစ်နေတယ်၊ ဒါဟာ ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာလို့ ပြောလို့ရတယ်”လို့ ရခိုင်ကလူ့အခွင့်အရေးလှုပ်ရှားသူတဦးက DNA ကို ပြောပါတယ်။

အရင်တုန်းကလည်း ရခိုင်ပြည်နယ်အတွင်း AA နဲ့ ဆက်စပ်တဲ့အမှုတွေမှာ အခုလိုမျိုး တရားလိုတွေဘက်က ရုံး ချိန်းတွေ အကြိမ်ကြိမ် ပျက်ကွက်တာတွေ ရှိခဲ့ပြီး ဒါတွေကို သက်ဆိုင်ရာတရားသူကြီးတွေက ကြပ်မတ်ပေးဖို့ လို အပ်တယ်လို့ AA နဲ့ ဆက်စပ်တဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေတဦးက ပြောပါတယ်။

“မိသားစုက အများကြီး နစ်နာရတာပေ့ါ၊ အပြစ်ရှိရင်လည်း အပြစ်ရှိသလို အမိန့်ချလိုက်၊ မရှိရင်လည်း လွှတ်ပေး လိုက်ပေါ့၊အခုက အကြာကြီး အချိန်ဆွဲထားတယ်၊ ပြီးရင် အပြစ်မရှိဘူးဆိုပြီး လွှတ်သွားတဲ့အမှုတွေ ရှိတယ်လေ။ အဲလိုမျိုးတွေကျတော့ အများကြီး နစ်နာရတာပေ့ါ”လို့ သူကထောက်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီ အထဲက ၃၉၁ ဦးသာ ပြန်လွှတ်သေးကာ ကျန် ၂၀၃ ဦးကို စစ်ကောင်စီလက်အောက် အချုပ်ခန်းနဲ့ အကျဉ်းထောင် တွေမှာ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလ ၂၆ ရက်က အပစ်ရပ်ခဲ့ချိန်မှာ ရခိုင်ပြည် နယ်အတွင်းက ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က ကတိထားခဲ့ပေမယ့် လက်တွေ့မှာ တော့ ကတိမတည်ဘူးလို့ AA က ဝေဖန်ထားပါတယ်။