စစ်ကောင်စီတပ်စခန်းလေးခုကို KNLA တပ်ပေါင်းစု တပြိုင်တည်းတိုက်ခိုက်နိုင်ပြီး စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

ဧပြီ၊ ၂၃
 
ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်း ၄ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် K.N.L.A တပ်မဟာ (၃) တပ်ပေါင်းစုက တပြိုင်တည်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီကနေ့ ဧပြီ ၂၃ မှာ ထုတ်ပြန်လာပါတယ်။
 
မနေ့ ဧပြီ ၂၂ ရက်မနက်လေးနာရီခွဲမှာ KNU မူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းလေးခုဖြစ်တဲ့ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနဲ့ လယ်ဒိုမြို့နယ်မှာရှိတဲ့ ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းကိုတော့ တိုက်ခိုက်ဖျက်စီးနိုင်ခဲ့တယ်လို့ KNU ဗဟိုရဲ့သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
 
ကေအဲန်ယူ- မူးမြို့နယ်မှာရှိတဲ့ နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းအတွင်းမနေဘဲ ပုန်းရှောင်နေတဲ့အတွက် တိုက်ခိုက်ဖျက်ဆီးနိုင်တာမရှိဘူးလို့လည်း ဆက်ထုတ်ပြန်ထားပါတယ်။
 
ဒီတပ်စခန်း ၄ ခုကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး KNLA တပ်မဟာ ၃ တပ်ပေါင်းစုက ၁ ဦးကျဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ကျေးရွာကြားမှာ နံနက် ၈ နာရီမတိုင်မီမှာ ရဟတ်ယာဉ်နဲ့ ၄ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်တယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် နယ်မြေခံတပ်တွေဖြစ်တဲ့ ခလရ – ၆၀၊ ခမရ – ၃၅၁ အပြင် တပ်မ – ၇၇ နဲ့ ခမရ – ၅၉၈ တပ်တွေနဲ့ပါ ထပ်မံအင်အားတွေ ဖြည့်တင်းလာတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲတွေကြောင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲမှ လယ်ဒိုနဲ့ မူးမြို့နယ်ထဲက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်ပြေးနေရကြရပြီး စစ်ရှောင်အရေအတွက်ကို အတည်မပြုနိုင်သေးသလို စစ်ရှောင်တွေဟာ အခြေခံစားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။ 
ဓာတ်ပုံ – Karen National Union