ပထမဆုံး ကိုဗစ်ရောဂါစတွေ့တဲ့ မြောက်ကိုရီးယားမှာ လော့ဒေါင်းချပြီ 

Photo – Getty Images

မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်ရောဂါကူးစက်မှု တွေ့ရှိတယ်လို့ ဒီကနေ့ မေလ၁၂ရက်နေ့က ထုတ်ပြန်အပြီးမှာတော့ ခေါင်းဆောင်ကင်ဂျုံအန်းက နိုင်ငံတဝှန်းမြို့တွေအားလုံးကို ပိတ်ဆို့ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။

မြို့တော်ပြုံယမ်းမှာ အိုမီခရွန်မျိုးကွဲကူးစက်မှုတခု တွေ့ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြောပေမယ့် ကူးစက်မှုအရေအတွက်ကိုတော့ မဖော်ပြခဲ့ပါဘူး။

ခေါင်းဆောင်ကင်ဂျုံအန်က ကိုဗစ်ရောဂါကို အမြစ်ပြတ်တိုက်ထုတ်သွားမယ်လို့ ကတိပြုတယ်လို့ နိုင်ငံပိုင် မီဒီယာ KCNA က ဖော်ပြပါတယ်။ 

ကျွမ်းကျင်သူတွေကတော့ ကိုဗစ်ရောဂါဟာ မြောက်ကိုရီးယားနိုင်ငံတွင်းမှာ ကူးစက်နေတာ အချိန်ကြာနေပြီလို့ သုံးသပ်ကြပါတယ်။  

အဲဒီဖြစ်စဉ်မတိုင်ခင်  ပြုံယမ်းအစိုးရဟာ သူ့နိုင်ငံတွင်းမှာ ကိုဗစ် ရောဂါ မရှိဘူးလို့ ငြင်းဆိုထားပြီး ကိုဗစ်ကာကွယ်ဆေးအစီအစဉ်တွေကိုလည်း ပယ်ချထားတာကြောင့် ကူးစက်မှုပြင်းထန်လာရင် နိုင်ငံသား ၂၅သန်းအတွက် စိုးရိမ်ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ပိုင်နက်အတွင်း  ဗိုင်းရပ်စ်ပိုးဝင်ရောက်တာကို ကာကွယ်ဖို့အတွက် ကုန်သွယ်မှုနဲ့ ဧည့်သည်တွေအားလုံးနီးပါးကို နှစ်နှစ်ကြာပိတ်ထားခဲ့တာ ဖြစ်ပါတယ်။