ကလေးမြို့မှာတော်လှန်သင်္ကြန်ပြောက်ကျားသပိတ်လုပ်နေသူလေးဦးဖမ်းဆီးခံရ

ဧပြီ၊​ ၁၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဧပြီ ၁၆ ရက် သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ အတက်နေ့မှာ တော်လှန်သင်္ကြန်ပြောက်ကျားသပိတ်ပြုလုပ်နေတဲ့ သပိတ်အဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
 
ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တံတားဦးမှာ ဧပြီ ၁၆ ရက် နေ့လယ် နှစ်နာရီဝန်းကျင်က ပြောက်ကျားသပိတ်လုပ်နေတဲ့ သပိတ်အဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
 
” သပိတ်လုပ်နေတုန်းကို ကားနဲ့ထွက်လာပြီး သေနတ်တွေဖောက်ပြီးဖမ်းသွားတာ။ ကြိုတင်သတင်းပေးတဲ့ သူ ရှိကိုရှိတာ၊ ခုရက်ပိုင်းအတွင်း မြို့ထဲမှာကလည်း စစ်ဆေးရေးက တအားတင်းကျပ်နေတာ ” လို့ မြို့ခံတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်တွေကတော့ ကလေးမြို့ပင်မသပိတ်အင်အားစုက အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။
 
သပိတ်အဖွဲ့ဝင်လေးဦး ဖမ်းဆီးခံရပြီးပြီးချင်းမှာပဲ ကလေးမြို့ပင်မသပိတ်အင်အားစုက ဖမ်းဆီးခံရတဲ့သပိတ် အဖွဲ့ဝင်လေးဦးနဲ့ အဆက်အစပ်ရှိသူတွေကို ရှောင်တိမ်းကြဖို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
 
ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အာဏာသိမ်းပြီးနောက် နေ့စဉ်သပိတ်လှုပ်ရှားမှုတွေ လုပ်နေပြီး ဒီကနေ့မှာ သပိတ်လှုပ်ရှားမှု ရက်ပေါင်းရှစ်ရာပြည့်မြောက်မှာဖြစ်ပါတယ်။
 
သပိတ်အဖွဲ့ဝင်လေးဦး ဖမ်းဆီးခံရတဲ့နေ့မှာပဲ ကလေးမြို့ပင်မသပိတ်ကတော့ သူတို့ကိုရဲ့ ၇၉၉ ရက်မြောက် သပိတ်ကို သပိတ်အဖွဲ့ဝင်တွေက တခြားတနေရာမှာ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – ကလေးမြို့ပင်မသပိတ်အင်အားစု
ပုံစာ – ကလေးမြို့တွင်းက ပြောက်ကျားသပိတ်လှုပ်ရှားမှုတခု။