ဂန့်ဂေါမြို့နယ်ကန်ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံတွေထွက်ပြေးနေရ၊တိုက်ပွဲလည်းဖြစ်နေ

မတ်၊ ၃၁

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာကို ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီး ၊ MI 35 တစီးနဲ့လေကြောင်းကနေလာရောက်ပစ်ခတ်တဲ့အတွက် ကန်ရွာကဒေသခံတွေ ဘေး လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရွာရဲစခန်းကို ဒီကနေ့ မနက် ၅ နာရီကစလို့ ဝင်ရောက်စီးနင်းတိုက်ခိုက်နေ တာကြောင့် စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ပစ်တာကတော့ရက်စက်တယ်၊လေယာဥ်နဲ့ဗုံးကြဲတာက ကျတဲ့နေရာအတိအကျတော့မသိဘူး၊ ရွာတောင်ပိုင်း စ ခန်းဘက်မှာတော့ မီးခိုးတွေအူနေတာပဲ၊ကျွန်မတို့ကတော့ရွာကနေမနက်ကတည်းကပြေးခဲ့တာ။ ဘုန်းကြီး ကျောင်းအောက်မှာခိုနေခဲ့ကြတဲ့သူတွေလည်းအများကြီးရှိတယ်” လို့ ကန်ရွာဒေသခံတဦးကပြောပါတယ်။

 ကန်ရွာရဲစခန်းကရဲတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ ဒီကနေ့ မနက် ၅ နာရီကတည်းကစလို့ တိုက်ပွဲဖြစ် နေတာဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုအခြေအနေနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု  အခြေအနေ တွေကို တော့မသိရသေးပါဘူး။

“ခုမနားသေးဘူး၊ဆက်တိုက်ပစ်နေကြတုန်း၊ရွာထဲမှာမပြေးခင်(နိုင်)သေးတဲ့သူတွေပုန်းနေကြရတယ်၊ ဗုံးတွေ လည်းကြဲတာ” လို့ နောက်ထပ် ကန်ရွာဒေသခံတဦးကပြောပါတယ်။ ကန်ရွာဟာ ဂန့်ဂေါမြို့မြောက်ဘက်မိုင် နှစ် ဆယ်ကျော်အကွာက အိမ် ခြေတထောင်ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကို DNA က ဆက်လက် ဆက်သွယ် မေးမြန်းနေပါတယ်။