ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ဆိုင်ကယ်တွေကို မီးရှို့နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ပြီး ဆိုင်ကယ်အချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ရွာသားတွေမွေးမြူထားတဲ့ တိရိစ္ဆာန်အချို့ကို သတ်ဖြတ် စားသောက်တာတွေ လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။
“ရွာကတော့ထွက်ပြေးကြရတာပ။ ကျန်ခဲ့တဲ့ဆိုင်ကယ်တချို့ကိုမီးရိူ့တယ်။ အိမ်တွေတော့မရှို့သေးဘူး။ ရွာထဲက ဝက်ကိုသတ်ပြီး ထမင်းစားကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရေရှင်ရွာကို ဝင်ရောက်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်မှာ အင်အား ၁၂၀ ဝန်းကျင်နဲ့ နှမ်းခါးရွာ ကနေ ရေရှင်ရွာကိုစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး နှမ်းခါးနဲ့ရေရှင်ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကို ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြစ်သာမြစ်အရှေ့ဘက်ကမ်းရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး တောင်ခင်ရန်းဘက်မှာလည်း အထိုင်ချထားတဲ့ စစ်ကြောင်းတခုလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။