ထန်တလန်မြို့နယ်ခွာဖိုကျေးရွာ လေကြောင်းကဗုံးကြဲခံရပြီး အရပ်သား ဆယ်ဦးဝန်းကျင်သေဆုံး

မတ် ၊ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာ ကို ဒီကနေ့ မတ်လ ၃၀ ရက် မနက်ပိုင်း မှာစစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူဆယ်ဦးဝန်းကျင်သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ထန်တလန်မြို့ရဲ့မြောက်ဘက် ဆယ်မိုင်ဝန်းအကွာက ခွာဖိုကျေးရွာကို စစ်ကောင်စီကဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံဆယ်ဦးသေဆုံးကာ နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ချင်းမီဒီယာတခု ဖြစ်တဲ့ Zalen သတင်းဌာနက ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထန်တလန်ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေကို DNA ကဆက်သွယ်နေဆဲဖြစ်ပြီး ထန်တလန်နယ်နဲ့ထိစပ်နေတဲ့ ယောဒေသကာကွယ်ရေးတပ်တွေကတော့ လေကြောင်းတိုက်ခိုက်မှုကို အတည် ပြုပြီး ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။

 “ကျွန်တော်တို့လည်းစုံးစမ်းနေတယ်၊သေဆုံးထိခိုက်မူအတိအကျမသိရသေးဘူး၊ အခုစစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုတွေကပါးနပ်လာတယ်၊တနေရာထဲကနေအုပ်စုလိုက်တက်ပျံပြီးမတိုက်တော့ဘူး၊ ခုမနက်ထန်တလန် ကိုတိုက်တာဆိုရင် တံတားဦးက ဂျက်ဖိုက်တာရယ်၊ ကလေးဘက်က တက်လာတဲ့ MI 35 ရယ်လာကြဲချတာ၊ ခွာဖိုရွာကိုက ဂျက်ဖိုက်တာကကြဲချတာ” လို့ ယောဒေသက တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ 

စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မူကြောင့် ဖိုခွာကျေးရွာကပြည်သူဆယ်ဦးထက်မနည်း သေဆုံး၊ နှစ်ဆယ်ကျော် ဒဏ် ရာရှိထားပြီး နေအိမ်တွေလည်းမီးလောင်နေဆဲဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေနဲ့ တော်လှန်ရေးအင် အားစုဝင် တချို့က ဖော်ပြထားကြပါတယ်။

သေဆုံးသူတွေထဲမှာ ခရစ်ယာန်သိက္ခာတော်ရဆရာတော်တပါးရဲ့သမီးနှစ်ဦးလည်းပါဝင််တယ်လို့ ကနဦး သိရပြီး ကျန်တဲ့သေဆုံးသူတွေကို အတည်မပြုနိုင်သေးပါဘူး။