မန္တလေးမှာ တရက်ကို နှစ်နာရီသာ မီးရတဲ့အတွက် အသေးစားလုပ်ငန်းတွေ ထိခိုက်လာ

မတ် ၊ ၃၀

မန္တလေးမြို့ပေါ်ရှိ တချို့မြို့နယ်တွေမှာ လျှပ်စစ်မီးလာချိန် တရက်မှာ နှစ်နာရီလောက်သာရတဲ့ အတွက် အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေရှိလာတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

စစ်အာဏသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုက နေ့စဉ်ဆိုသလို ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး အလှည့်ကျမီးပေးစနစ်နဲ့ စီးပွားရေးတွေ လုပ်ကိုင်ခဲ့ကြရပေမယ့် လက်ရှိ အာဏသိမ်းမှု နှစ်နှစ်အကြာမှာတော့ လျှပ်စစ်မီးပြတ်တောက်မှုက ပိုမိုဆိုးဝါးလာတယ်လို့ စက်မှုဇုန်အတွင်းက အသေးစားအလတ်စား လုပ်ငန်းရှင်တဦးကပြောပါတယ်။

” မီးပျက်တာက အခုဆိုရင် မနက် တနာရီလာတယ် ။ညနေတနာရီလောက်လာတယ် ။ဒါတောင်သိပ်မမှန်ဘူး။ အဲဒီတော့ လျှပ်စစ်မီးအားကိုးလုပ်တဲ့ အလုပ်ဆိုတော့ လုပ်မရတော့ဘူး။ မီးစက်နဲ့ကျပြန်တော့လည်း အချိန်ပြည့နှိုးမထားနိုင်ဘူး။ အခုဒီဇယ်ဈေးက တလီတာကို ၂၅၀၀ လောက်ရှိတယ်ဗျာ ။ဆီဖိုးနဲ့ အလုပ်သမားခနဲ့ဆိုတော့ ဘယ်လိုမှာ မကိုက်တော့ဘူး ။ကိုယ်ပစ္စည်းဈေးတင်ရောင်းဖို့ဆိုတာကျတော့လည်း မဖြစ်ပြန်ဘူးဗျ။ စက်ရုံကြီးတွေကတော့ မီးစက်တွေနဲ့ လုပ်တာပေါ့ ။သူတို့လည်းအမြဲတမ်းတော့ မလုပ်နိုင်ပါဘူး ” လို့ သူကဆိုပါတယ်။

လျှပ်စစ်မီးပျက်တောက်မှုကြောင့် လုပ်ငန်းတချို့ ရပ်နားတာတွေနဲ့ ဝန်ထမ်းလျော့ချတာတွေ လုပ်လာကြတယ်လို့ ချမ်းအေးသာစံမြို့နယ်က အသေးစားအလတ်စား လုပ်ငန်းရှင် တဦးကပြောပါတယ်။

” ကုန်ပစ္စည်းအမှာရောက်တယ်ဗျာ ဒါပေမယ့် မီးမမှန်တော့ အချိန်မီမလုပ်နိုင်ဘူးဗျ။ အချိန်မီအောင်လုပ်မယ် ဆိုရင် မီးစက်နဲ့လုပ်တော့ ကုန်ကျစရိတ်က နှစ်ဆတက်တာပေါ့ဗျာ။ အဲဒီတော့ ဘာလုပ်ရလည်းဆိုတော့ တချို့ကလည်း ကုန်ထုတ်လုပ်မှုကို လျော့ချရတယ်။ အလုပ်သမားတွေလည်း လျော့သင့်တာလျော့လုပ်ရတယ် လုံးဝ လုပ်ငန်းနားထားတာမျိုးလည်းရှိတယ်။ အေးခဲအသားတွေ ရောင်းတဲ့ဆိုင်မျိုးဆိုရင် အခုလိုမီးပျက်ပုံနဲ့ ဘယ်လိုလုပ်မလဲဗျာ။ အကုန်ပျက်ကုန်မှာပေါ့ ” လို့သူကပြောပါတယ်။ 

လက်တလောမှာ လျှပ်စစ်မီး မမှန်တာကြောင့် လုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်မှုလျော့ချလာသလို အလုပ်သမားတွေရဲ့ နေ့စဉ်ဝင်ငွေတွေလည်း ထိခိုက်ရတယ်လို့ အစားအသောက် ထုတ်လုပ်တဲ့ စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

” အရင်က ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ငွေရတယ်လေ အခုကျတော့ အဲလိုမဟုတ်တော့ဘူး မီးလာတဲ့အချိန်ပဲလုပ်ရတယ်။ စက်ရုံဖက်ကလည်း မီးစက်နှိုးမယ်ဆိုရင် သူတို့ကုန်ကျစရိတ်များတယ်ပေါ့။ အော်ဒါလည်းနည်းတယ်သွားတယ်ပေါ့ အဲလိုတွေဖြစ်လာတော့ အရင်ဝင်ငွေထက်နည်းသွားတယ် ” လို့ သူကဆိုပါတယ်။

အလားတူပဲ မီးပျက်ချိန် များလာတဲ့အတွက် ချမ်းမြသာစည်မြို့နယ် အတွင်းက တချို့နေရာတွေမှာ ရေပြတ်လပ်မှုတွေ ရှိလာတဲ့အတွက် အကူညီတောင်းခံတာတွေရှိနေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးကပြောပါတယ်။

“တိုက်ခန်းနဲ့ နေတဲ့သူတွေကျတော့ မီးမလာတော့ ရေတင်မရဘူးဖြစ်ကြတာပေါ့။ မီးလာတဲ့အချိန်တင်ပြန်တော့လည်း ရေကန်တွေက ရေမရှိဘူး ဒါကြောင့် သုံးရေအခက်အခဲဖြစ်လို့ အကူညီတောင်းတာတွေရှိတယ်။ တခါတလေကျတော့လည်း စားသောက်ဆိုင်တွေက အကူညီတောင်းတာလည်းရှိပါတယ် ” လို့ သူကပြောပါတယ်။

မန္တလေးမြို့ပေါ်တွေမှာကို လျှပ်စစ်မီးပျက်တောက်မှုက ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့အတွက် လူမူဘဝတွေပါ ထိခိုက်လာတယ်လို့ ဆိုကြပါတယ်။

” မီးက ပျက်ချင်သလိုကို ပျက်နေတာလေ တခါတလေ ဆိုမီးလာတာ ၁၅ မီနစ်ရှိသေးတယ် ။ပြန်ပျက်သွားပြန်ရောဗျ ။ဘာလုပ်တာလည်းတော့မသိဘူး။ ဒီရက်ပိုင်း မီးပျက်တာအတော်ဆိုးတယ်ဗျာ ။တရက်လုံးနေမှာ ၂ နာရီလောက်လာတဲ့ သဘောဖြစ်နေတယ်။ မီးပျက်တော့ အတော်တော့ ခက်ခဲတယ်ဗျာ ။မနက်အလုပ်သွားဖို့ ထမင်းချိုင့်ထုပ်ဖို့ကို အဲအချိန် မီးမလာတော့ ချက်မရဘူး။ အပြင်စားပြန်တော့လည်း နေစဉ်ဆိုရင် ရတဲ့လစာက နဲ့မကိုက်ပြန်ဘူး ” လို့ ချမ်းမြသာစည်မြို့နယ် နေထိုင်သူတဦးကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ခေါင်းခေါင်းဆောင်ရုံးထိုင်တဲ့စစ်ရုံး၊ အစိုးရလုပ်ငန်းလည်ပတ်နေတဲ့ဝန်ထမ်းအိမ်ယာတွေရှိတဲ့နေပြည်တော်ကလွဲရင်ကျန်နေရာတွေမှာအလှည့်ကျမီးပေးစနစ်နဲ့သာပေးနိုင်တာပါ။