ဩဂုတ် ၊ ၅
ချင်းပြည်နယ် ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၆၉ စခန်းအပါအဝင် မြို့တွင်းနေရာအများစုကို ချင်း ကာကွယ်ရေးပူးပေါင်းတပ်က စီးနင်းသိမ်းပိုက်ထားပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက် ခိုက်ရှင်းလင်းနေတယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA)ပြောခွင့်ရ ဆလိုင်းထက်နီက DNAကိုပြောပါတယ်။
“စခန်းကြီးတွေကတော့ သိမ်းထားပြီ၊အထိုင်စခန်းကုန်းအပါအဝင် မြို့ထဲက ခုနစ်နေရာမှာသူတို့ရှိတယ်။ အခုကျန် တာကတော့ စခန်းငယ်နှစ်ခုလောက် ကျန်သေးတာပေါ့”လို့ သူကပြောပါတယ်။
ထန်တလန်အခြေစိုက် စစ်ကောင်စီရဲ့ အဓိက စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်တွေက ဒီကနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု၊သုံ့ပန်းနဲ့ လက်နက်ခဲယမ်းရရှိမှုအခြေအနေအသေးစိတ်တွေကို တော့မသိရသေးပါဘူး။
ထန်တလန်မြို့သိမ်းတိုက်ပွဲကို CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ၊ချင်းပြည်အစိုးရလက်အောက်ခံ ပူးပေါင်း တပ်တွေပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဟားခါးမြို့ဗျူဟာကုန်းကနေ လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့သလို ဂျက်ဖိုက်တာ လေယာဉ်နဲ့လည်း နှစ်ကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။
“ဟားခါးနဲ့ထန်တလန်က နီးနီးလေးဆို တော့ ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးအများကြီးထုတယ်။လေ ကြောင်းကတော့ဖိုက်တာကနှစ်ကြိမ်တော့လာသွားတယ်”လို့ သူကပြောပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဟားခါးနဲ့ထန်တလန်ကြားက အရေးပါတဲ့ စစ် ကောင် စီ စခန်းလေးခုလောက်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထန်တလန်မြို့သိမ်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနေ တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး အစောပိုင်းကာလ ၂၀၂၁အောက်တိုဘာလကုန်ကတည်းကစစ်ကောင်စီလက်ချက်နဲ့ တမြို့ လုံးနီးပါးပျက်စီးတဲ့အထိ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ထန်တလန်မှာ မြို့တွင်းတိုက်ပွဲတွေမကြာမကြာဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့၂၀၂၃ နှစ်ဆန်းပိုင်းအထိ မြို့နေရာအများစုကို တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုအများအပြားလုပ်ပြီး ၂၀၂၃နှစ်ကုန်ပိုင်းမှာ တော့ မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့ကြေညာခဲ့ပါတယ်။
ထန်တလန်မြို့ခံတွေကတော့ တမြို့လုံးနီးပါးပျက်စီးတဲ့အထိ စစ်ကောင်စီဘက်က တိုက်ခိုက်ဖျက်ဆီးမှု တွေလုပ် လာချိန် ၂၀၂၁ခုနှစ်ကတည်းက နေရပ်စွန့်ခွာပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။