ဖလမ်းက စစ်ကောင်စီတပ်စခန်းတခုကို ချင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ၊ ၁၅
 
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီဘွာလ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းကို နိုဝင်ဘာလ ၁၅ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက််နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF)ထံက သိရပါတယ်။
 
“ မနက်ကတည်းက သိမ်းပိုက်လိုက်ပြီဗျ။ စစ်ရေးအခြေနေ အသေးစိတ်နဲ့ လက်နက်တွေ သိမ်းပိုက်ရရှိမှု အခြေအနေကို နောက်မှ ထုတ်ပြန်သွားမယ်ဗျ “ လို့ CNDF ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
 
ဖလမ်းနဲ့ ရိဒ်ခေါဒါရ်မြို့ကြားက အင်အား သုံးဆယ်နီးပါးရှိတဲ့ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို မနေ့က မနက် ၁၁ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ၅ နာရီခန့်မှာတော့ အဲဒီစခန်းကို သိမ်းပိုက်ရရှိခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တာပါ။
 
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တုန်းကလည်း အဲဒီစခန်းကို CNDF က တိုက်ခိုက်ခဲ့ပြီးနောက် တနှစ်မြောက်မှာ ထပ်မံတိုက်ခိုက်ရာမှာ အခုလို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဆယ်ကျော်ဟာ လက်ရှိမှာတော့ မြန်မာ-အိန္ဒိယ နိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးလွတ်မြောက်နေပြီး CNDFနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်ဆိုပေမယ့် ဘယ်လိုဆိုတာ မသိရပါဘူး။
 
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုဘက်က ထိခိုက်ကျဆုံးသူ မရှိဘူးလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ချင်းအမျိုးသားတပ်မတော် (CNA) က ဦးဆောင်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ရိဒ်ခေါဒါရ်မြို့ကို တိုက်ခိုက်ရာ ရိဒ်ခေါဒါရ် စစ်စခန်းနဲ့ တီအိုချောင်း စခန်းနှစ်ခုကို တရက်တည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
 
အဲဒီတိုက်ပွဲအပြီး အိန္ဒိယဘက် ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီ စစ်သား ၄၃ ယောက်အနက် ၃၉ ယောက်ကို မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
 
လတ်တလောမှာတော့ ဖလမ်းမြို့နဲ့ ငါးမိုင်ခန့်အကွာက ဗါရ်းတံတားအနီးက စစ်ကောင်စီတပ်စခန်းဟာ ဒီကနေ့ နေ့လယ် ၁ နာရီခန့်က စခန်းကို စွန့်ခွာပြီး ဖလမ်းအခြေစိုက် ခလရ (၂၆၈)နဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ The Chin Journal က ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – CNDF