ဩဂုတ် ၊ ၅
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာဟာ ရာထူးကနေ ကတိုက်ကရိုက် နုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ပြေးသွားကြောင်း သိရပါတယ်။
တစ်လလောက် ကြာမြင့်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ သွေးချောင်းစီး ပဋိပက္ခတွေအသွင် ပြောင်းလဲသွားခဲ့တဲ့ နောက်မှာတော့ ဟာဆီနာဟာ အခြေအနေတွေကို မထိန်းနိုင်တော့တဲ့အတွက် ထွက်ပြေးသွားရတာ ဖြစ်ပါတယ်။
ဩဂုတ် ၅ ရက်မှာတော့ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ဒါကာမြို့တော်မှာရှိတဲ့ ဟာဆီနာ နေထိုင်ခဲ့ရာ ဝန်ကြီးချုပ် အိမ်တော်ထဲထိ ဝင်ရောက်လာပြီး ဖျက်ဆီး သောင်းကျန်းကုန်ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဟာဆီနာကို အားပေး ထောက်ခံသူတွေ အကြမ်းဖက် ဖြိုခွင်းလို့ ဆန္ဒပြသူ ၉၀ လောက် သေဆုံးခဲ့ပြီး နောက်တနေ့မှာပဲ ဟာဆီနာရဲ့ ခေတ်က ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားရတာပါ။
ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲ ဝေကာ အူဇ်ဇာမန်က ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာသွားပြီ ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဟာဆီနာ ဘယ်ရောက်သွားသလဲ ဆိုတာကို သူက မပြောပေမယ့် ဘေးကင်းမယ့် တနေရာဆီ ရွှေ့သွားတယ်လို့တော့ ပြောကြားခဲ့ပါတယ်။ သတင်းတချို့က ဟာဆီနာဟာ အိန္ဒိယ နိုင်ငံကို ထွက်ပြေးသွားတယ်လို့ ဖော်ပြနေကြပါတယ်။
ဩဂုတ် ၅ ရက်နေ့က ဒါကာမြို့တော်မှာ အခြေအနေတွေက အရမ်းသွေးဆူသလို ဖြစ်နေပြီး မြို့ထဲ လမ်းတွေမှာ ဆန္ဒပြသူ ၄ သိန်းလောက်ထိ များပြားနေခဲ့တယ်လို့ သတတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ကိန်းဂဏန်းတွေကို တိတိကျကျ အတည်ပြုဖို့တော့ မလွယ်ပါဘူး။ ဝန်ကြီးချုပ် အိမ်တော်ထဲကိုတော့ ဆန္ဒပြသူ ၁၅၀၀ လောက် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဟာဆီနာ ထွက်မပြေးခင် နာရီပိုင်း အလိုမှာ သူ့ရဲ့ သားဖြစ်ပြီး အမေရိကန်မှာ နေထိုင်တဲ့ ဆာဂျိဘ် ဝါဇက်က နိုင်ငံရဲ့ လက်နက်ကိုင် အင်အားစု အားလုံးဟာ သူ့မိခင်ကို ဖြုတ်ချမယ့် အားထုတ်မှုတွေကို တားဆီးပေးဖို့ တာဝန်ရှိကြောင်း တောင်းဆိုခဲ့ပါသေးတယ်။ သူက ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ အားလုံးဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ တင်မြှောက်ခံထားရတဲ့ ဝန်ကြီးချုပ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ Facebookမှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ အခု ပဋိပက္ခတွေမှာ ဟာဆီနာဖက်က ထောက်ခံ ရပ်တည်မှု မရှိကြောင်း အထင်အရှား ပြသခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အလုပ်အကိုင်နေရာ ခွဲတမ်း သတ်မှတ်ထားမယ့် ကိစ္စကို မကျေနပ်လို့ ဇူလိုင်လဆန်းမှာ ပြည်သူတွေ ဆန္ဒပြကြရာက ပြည်တွင်း အုံကြွမှုတွေ စတင်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အစပြုခဲ့တဲ့ ဆန္ဒပြမှုတွေကို အစိုးရက အလွန်အကျွံ အင်အားသုံး တုံ့ပြန် ဖြိုခွင်းစေခဲ့တဲ့နောက် ကိစ္စတွေက အကျည်းတန်ကုန်သလို အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုအသွင် ပြောင်းလဲသွားခဲ့ပါတယ်။
ဩဂုတ် ၄ ရက်နေ့ကတော့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ တလလောက် ကာလအတွင်း အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ရဲ ၁၄ ဦး အပါအဝင် စုစုပေါင်း လူ ၉၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဟာဆီနာဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ရွေးကောက်ခံ အမျိုးသမီး နိုင်ငံခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ သူဟာ လုပ်ကြံဖို့ ကြိုးစားမှု တချို့ကနေလည်း လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အုပ်စိုးမှု ကာလအတွင်း အတိုက်အခံတွေကို ဖိနှိပ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဟာဆီနာကတော့ အဲဒီလို ကိစ္စတွေကို လုံးဝ မကျူးလွန်ခဲ့ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါတယ်။
Ref: Al Jazeera