ပြည်သူရှိသရွေ့ပါတီရှိနေမယ်လို့ NLD ပြော

မတ် ၂၉

စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကို ဖျက်သိမ်းကြောင်းကြေညာတာဟာ တရားမဝင် ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကတုံ့ပြန်လိုက်သလို ပြည်သူရှိသရွေ့ပါတီရှိနေမယ်လို့လည်း ဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ တင်ခွင့် မလျှောက်ထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း မနေ့ မတ်လ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှုမရှိတာကြောင့် စစ်ကောင်စီ လက် ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းခွင့်အတည်ပြုခွင့်မရှိဘူးလို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အာဏာသိမ်းထားတာကို တရားမဝင်ဘူးလို့ အတိအလင်းလက်ခံထားတာပေါ့၊ အဲလိုလက်ခံတာနဲ့အညီ စကစရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်တာတွေ၊ ပြဌာန်းတာ တွေ နောက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းတာတွေ အားလုံးပေါ့၊ တရားမဝင် ဘူးလို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်”လို့ NLD ပါတီဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဦးဘိုဘိုဦးကDNAကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုအဆုံးအဖြတ်ကိုသာ ခံယူနေတဲပါတီဖြစ်တာကြောင့် ပြည်သူရှိသ ရွေ့ ပါတီရှိနေမှာဖြစ်ပြီး လူထုရဲ့မျှော်မှန်းချက်တွေပြည့်တဲ့အထိရနိုင် တဲ့ နည်းပေါင်းစုံနဲ့ကြိုးပမ်း သွားမှာဖြစ်တယ် လို့လည်း NLD ဗဟိုအလုပ်ကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက အာဏာစသိမ်းချိန်ကတည်းက ဖမ်းဆီးအကျဉ်းချထားတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း “ပြည်သူတွေရှိသရွေ့ပါတီရှိနေမယ်” ၂၀၂၁ ခုနှစ်အတွင်း သတင်းစကားပါးခဲ့ဖူးပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အခုနှစ်ဆန်းပိုင်းမှာ ပြင်ဆင်အတည်ပြု လိုက်ပြီးနောက် တည်ဆဲပါတီတွေအားလုံး ရက်ပေါင်းခြောက်ဆယ်အတွင်း မှတ်ပုံတင်ပြန်တင်ရမယ်လို့ အဲ့ဒီဥပ ဒေထဲ ထည့်ရေးခဲ့ပါတယ်။

မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကတော့ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြဌာန်းထားတာပါ။ဒါကြောင့် သတ်မှတ်ကာလရက်ပေါင်းခြောက်ဆယ်ပြည့်တဲ့ မတ်လ ၂၈ရက်အထိ မှတ်ပုံပြန်မတင်တဲ့ ပါတီလေးဆယ်ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်း တယ်လို့ကြေညာလိုက်တာပါ။

ဖျက်သိမ်းတယ်လို့ကြေညာတဲ့ပါတီတွေထဲမှာ NLD၊SNLD တို့အပါအဝင် အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ခုနစ်ခု ၁၉၉၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ တွေလည်း ပါဝင်ပါတယ်။

ပြည်သူတွေနဲ့တသားတည်းရပ်တည်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆီ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီ တွေကို အသိအမှတ်ပြုလေးစားတယ်လို့လည်း NLD ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NLD ပါတီဟာ ပြီးခဲ့တဲ့ နအဖစစ်အစိုးရလက်ထက်ကလည်း၂၀၁၀ ရွေးကောက်ပွဲစည်းမျဉ်းတွေ၊ ၂၀၀၈ အခြေခံ ဥပဒေ ပါ အချက်တွေဟာ မျှတမှုမရှိဘူးလို့ဆိုကာ မှတ်ပုံပြန်မတင်ခဲ့တာကြောင့် ပါတီဖျက်သိမ်းခံခဲ့ရဖူးပါတယ်။ အဲ့ဒီတုန်းက ကော်မရှင်ဥက္ကဌကလည်း လက်ရှိစစ်ကောင်စီကော်မရှင် ဥက္ကဌဦးသိန်းစိုးဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေကို လွှတ်တော်ကနေတဆင့် သွားဖို့အတွက် သမ္မတဦး သိန်းစိန်နဲ့ NLD ပါတီ သဘောတူညီမှု ရရှိပြီးတဲ့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ် ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ကာလအခြေအနေတွေအရတော့ အတိတ်ကလို ဖြစ်စဉ်တွေ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ NLD ပါတီဗဟိုကော်မတီဝင် ဦးဘိုဘိုဦးကပြောပါတယ်။

“၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်း ကျွန်တော်တို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ ပြည့် ဝခဲ့လို့သာ အခြေအနေအရ နိုင်ငံရေးပုံစံပြောင်းလဲသွားခြင်းဖြစ်တယ်၊ အဲလိုပဲ ကျွန်တော်တို့ မှတ်ယူထားတယ်၊ အဲ့ဒီလိုပဲ ရှင်းပါရစေ”လို့သူကပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) ပါတီကို ဖျက်သိမ်းပြီး နိုင်ငံရေးကနေ ဖယ်ထုတ်တာက မြန်မာ့အရေးကို ဖြေရှင်းရာမှာ ပိုခက် ခဲစေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။