သံတောင်ကြီးမှာ ပီဒီအက်ဖ်ကိုကူညီတယ်စွပ်စွဲပြီး အရပ်သားသုံးဦးကို စစ်ကောင်စီဖမ်းဆီး၊ကလေးငယ်တဦးဒဏ်ရာရ

မတ်၊ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၁၃ မိုင်က ဘိုတဲကုန်းရွာထဲကို ဒီကနေ့ မတ် ၂ ရက် အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့ရာမှာ အသက်မပြည့်သေးတဲ့ ကလေးတဦးက ဒဏ်ရာရှိကာ အရပ်သား ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့နံနက် ၇ နာရီခန့်မှာ သံတောင်မြို့ ၁၃ မိုင်၊ ငွေတောင်ကြီးကျေးရွာ-ကျွဲဖြူတောင်ကျေးရွားအပြန်လမ်းကနေတဆင့် ဘိုတဲကုန်းကျေးရွာထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်ခဲ့တာပါ။

ကျေးရွာထဲဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်မှာ ရှိတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးကို သေနတ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦး DNA ကို‌ ပြောပါတယ်။

“ သူတို့က ရွာထဲဝင်လာတာနဲ့ သေနတ်ပစ်တာပဲ။ဘာမှလည်း တိုက်ပွဲမဖြစ်ဘူးအကို။သူတို့ဟာ သူတို့ ရမ်းသန်းပစ်နေတာဲ။အိမ်မှာပဲ ရှိနေတာ။ကလေးတယောက်က သူ့ကို ကျည်ထိမှန်သွားတာ။အခုတော့ သူ့ကို ရွာက ဆေးဝါးကျွမ်းကျင်တဲ့ လူငယ်တွေနဲ့ပဲ ကုပေးနေရတယ်။” ဟု ၎င်းက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ခရစ်ယာန်သင်းအုပ် သိက္ခာတော်ရဆရာတော်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သား ၃ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကူအညီပေးနေတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ ဆရာတော်အိမ်ကိုလည်း မီးရှို့သွားတာ။နောက်ပြီး ရွာသား ၃ ဦးကိုလည်း ဖမ်းလိုက်တယ်။ဖမ်းခံရတဲ့သူတွေက သူတို့က PDF တွေကို ဆိုင်ကယ်နဲ့ အသွားအလာပို့နေတယ်ဆိုပြီး ဖမ်းတာ။သူတို့ဆိုင်ကယ်လေးစီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဆရာတော်ကကျတော့ ဆရာ့အိမ်မှာ PDF တွေကို တည်းခိုခွင့်ပေးလို့ ဆိုပြီး မီးရှို့တာလို့ ပြောတယ်။ ဖမ်းခံရတဲ့ သုံးဦးထဲက တယောက်ကိုတော့ ပြန်လွတ်ပေးလိုက်တယ်။ကျန်တဲ့ နှစ်ဦးကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ ဘယ်မှာ ချုပ်နှောင်ထားလဲ မသိဘူး။” ဟု ၎င်းက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ဘိုတဲကုန်းကျေးရွာမှာ တပ်စွဲထားသလို အဲဒီအနားပတ်ဝန်းကျင်ကျေးရွာတွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ တွေက အရပ်ဝတ်တွေနဲ့ ကင်းပုန်ချထားတာ ရှိနေတာကြောင့် ဒေသခံတွေ သွားလာရာမှာ အခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ ဒီဘက်မှာက ဒီလိုပဲ သူတို့က စစ်ကြောင်းထိုးလာရင် ရွာထဲဝင် မီးရှို့၊ ရမ်းပစ်၊ တွေ့ရာလူဖမ်းတယ်။အခုလည်း သူတို့ ရွာကနေ မထွက်သေးဘူး။ရွာထဲမှာ ကျန်နေသေးတယ်။ဘေးနားက ရွာတွေမှာလည်း ကင်းပုန်ချထားတာရှိတယ်။ကျွန်မတို့ရွာမှာက အေးအေးချမ်းချမ်းပဲ နေကြပါတယ်။ အခုဆို ဘယ်သူမှ ရွာအပြင်မသွားလာကြရဲတော့ဘူး။ သွားလာရေးအခက်အခဲရှိတာပေါ့။” ဟု ၎င်းက ပြောပါတယ်။

သံတောင်မြို့ ၁၃ မိုင်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေမှာ တည်ရှိပြီး အဲဒီဒေသမှာဆိုရင် လခုလအစောပိုင်း ကစတင်ကာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ အခြေအနေတာကြောင့် ထွက်ပြေးတိမ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၄၀၀၀၀ နီးပါးအထိရှိတယ်လို့ ကရင်ငြိမ်းချမ်းရေးကွန်ယက် KPSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – Social Media