နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုတော့ ရရင်လည်းရမှာပေါ့။ အင်မတန်ဆိုးရွားပြင်းထန်စွာ၊ ခက်ခဲကြမ်းတမ်းစွာရုန်းကန်နေရတဲ့ ကျွန်တော်တို့ဘဝတွေကိုပြနိုင်မှာဖြစ်လို့ အဲဒီမြင်ကွင်းကိုသူတို့မြင်ရမှာဖြစ်တယ်။ အများကြီးတော့ မျှော်လင့်လို့မရပေမယ့် ဘာဖြစ်နေလဲဆိုတာ သူတို့တွေသိသွားတာပေါ့

မတ် ၊ ၂၉

World Press Photo ဆုရခဲ့တဲ့ ကရင်နီစစ်မြေပြင်က မှတ်တမ်းဓါတ်ပုံဆရာမောက်ခမ်းဝါ “ဒီဓာတ်ပုံဟာ ရင်နင့်သည်းချာ  ကြေကွဲစွာ ရိုက်ထားရတဲ့ပုံပါ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီရဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ တနှစ်တိတိ မှတ်တမ်းဓာတ်ပုံတွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ မောက်ခမ်းဝါရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံကို World Press Photo ကအခု ၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှနဲ့ ဩစတေးလျ (အိုရှန်နီးယား) ဒေသအတွက် singles ဓာတ်ပုံဆုချီးမြှင့်ခဲ့ပါတယ်။ 

ကရင်နီနယ်ထဲမှာ သွေးအလိမ်းလိမ်းနဲ့ အသက်မဲ့နေတဲ့ ရဲဘော်ရဲ့ ခန္ဓာကိုယ်ကို အခြားရဲဘော်တယောက်က ထမ်းသယ်လာခဲ့တဲ့ပုံပါ။ ဓာတ်ပုံပေါ်မှာမြင်နေရတဲ့ အလင်းအမှောင်ဟာ လယ်ကွင်းထဲက ရိုးပြတ်တောနဲ့ လိုက်ဖက်လှပါတယ်။ 

ဒါကို “ ညနေခင်း နေရောင်ချည်က အိစက်နေတာပဲ။ ဝင်းထိန်နေတာပဲ။ သွေးရဲရဲနဲ့ ရဲဘော်တွေပေါ် ဖြာကျနေတာ။ ဒါပေမယ့် ရုပ်အဆိုးဆုံး ညနေခင်းပါပဲ” လို့  ဓာတ်ပုံဆရာက ဖွင့်ဟထားပါတယ်။

ဆုရခဲ့တာဟာ ဝမ်းမြောက်ဂုဏ်ယူစရာတခုဖြစ်ပေမယ့် တနှစ်ကျော်ကြာသွားပြီဖြစ်တဲ့ ဆုရဓာတ်ပုံရဲ့ နောက်ခံအကြောင်းအရာကတော့ ကြေကွဲစရာဖြစ်ရပ်တခုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရှမ်းကယားနယ်စပ်က ဖယ်ခုံနဲ့ မိုးဗြဲမှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်တွေကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

 အဲဒီတိုက်ပွဲမှာဆေးကုသမှုလုပ်နေတဲ့ ဆေးတပ်သားတွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြားစစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၇ဦးကျဆုံးခဲ့ပါတယ်။ဓာတ်ပုံဆရာက ဒီမြင်ကွင်းရဲ့ တစိတ်တဒေသကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာလုံးရေ ၂၀၀ နီးပါးရေးသားဖော်ပြခဲ့ပါတယ်။

သူက “ဒီဓာတ်ပုံဟာ ရင်နင့်သည်းချာ ကြေကွဲစွာ ရိုက်ထားရတဲ့ပုံ’’ လို့ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့တဲ့ ကိုမောက်ခမ်းဝါကဆိုပါတယ်။

ကိုမောက်ခမ်းဝါဟာ အခုနှစ်ဆန်းပိုင်းကစပြီး မရဏကိုနမ်းရှိုက်ခြင်း (Kissing the Death)ဆိုတဲ့ ဓာတ်ပုံပြပွဲကို ပြည်တွင်းရော ပြည်ပမှာပါ ပြုလုပ်နေသူဖြစ်ပြီး အဲ့ဒီကရရှိလာတဲ့ အကျိုးအမြတ်တွေကို ကရင်နီဒေသရဲ့ ဘက်စုံလိုအပ်ချက်တွေအတွက် အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီဓာတ်ပုံပြပွဲက ပုံတွေဟာလည်း ပြပွဲနာမည်နဲ့လိုက်ဖက်လွန်းတဲ့ ဓာတ်ပုံတွေဖြစ်ကြောင်း ပြပွဲကိုသွားရောက်ခဲ့ကြသူတွေက မှတ်ချက်ပြုကြပါတယ်။

လှပလွန်းတဲ့ အရာတွေနဲ့ မလိုက်ဖက်လွန်းတဲ့ စစ်ပွဲတွေအကြောင်း၊ စစ်ပွဲတွေကြားထဲက ချစ်ခြင်းမေတ္တာတွေအကြောင်းကို ဖော်ပြနိုင်တဲ့ သူ့ရဲ့ ဓာတ်ပုံတွေမှာ စိတ်အားတက်ကြွစရာတွေ ပါဝင်သလို၊ နာကျင်ကြေကွဲရမှုတွေလည်း အများကြီးပါဝင်ပါတယ်။ 

စစ်နဲ့ နာကျင်ကြေကွဲစရာတွေကို နောက်ခံပြုထားတဲ့ ဓာတ်ပုံတပုံဟာ ကမ္ဘာနဲ့ချီတဲ့ ဆုတခုကို ရတယ်ဆိုတဲ့အခါ နိုင်ငံတကာက မြန်မာနိုင်ငံအတွင်းက ခက်ခဲကြမ်းတမ်းစွာရုန်းကန်ရမှုတွေကို သိမြင်နိုင်သွားလိမ့်မယ်လို့ ယူဆပေမယ့် အများကြီးလည်း မမျှော်လင့်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် “ဒါတွေကို ကြည့်ပြီးတော့ ကျွန်တော်တို့တွေ စိတ်ဓာတ်ကျနေတယ်လို့တော့ မထင်နဲ့ပေါ့” လို့ ကိုမောက်ခမ်းဝါကပြောဆိုထားပါတယ်။