လက်နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ အရပ်ဘက်အဖွဲ့တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မတ် ၊ ၂၉

အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက် အဖွဲ့အစည်း တွေကို ခေါ်ယူတွေ့ဆုံကာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်၊ ဆက်စပ်ပြီး ထောက်ပံ့မှုတွေ ပြုလုပ်ရင် အရေး ယူမယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့တချို့က DNA ကိုပြောကြ ပါတယ်။

စစ်တွေမြို့အခြေစိုက်အရပ်ဘက်အဖွဲ့တွေကို ပြည်နယ်စစ်ကောင်စီရုံးမှာ မတ်လ ၂၈ ရက်မနေ့က ခေါ်ယူတွေ့ဆုံ ခဲ့ပြီး အဲဒီလို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“AA(ရခိုင့်တပ်တော်)နဲ့ ပတ်သက်ပြီးတော့ အထောက်အပံ့ငွေတွေ မပေးရအောင်၊ AAကို အကူအညီမပေးရအောင် ခြိမ်းခြောက်တဲ့သဘော၊ ဟန့်တားတဲ့သဘော၊ တင်းကျပ်တဲ့သဘောပါ၊ဘယ်အဖွဲ့တွေက ဘယ်လက်နက်ကိုင် တွေ နဲ့ ဆက်စပ်နေတယ်ဆိုတာကို သူတို့ သိတယ် အဲလိုလည်း ပြောပါတယ်”လို့ စစ်ကောင်စီနဲ့ သွားတွေ့ခဲ့တဲ့ အရပ် ဘက် အဖွဲ့တခုရဲ့ တာဝန်ရှိသူက ‌DNA ကို ပြောပါတယ်။

ဒါ့အပြင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်၊ ပက်သက်ခဲ့ရင် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်၊ အရေးယူ နိုင်တယ်  လို့လည်း စစ်ကောင်စီကပြဌာန်းထားတဲ့ အသင်း၊အဖွဲ့မှတ်ပုံတင်ဥပဒေကို ကိုးကားပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါ တယ်။

“သူတို့ အသစ်ပြဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပေဒအကြောင်းကို ခေါ်ပြောပြတာ၊ အဲဒီမှာ အဖွဲ့အစည်းက လုပ်ထားတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ ငွေစာရင်းရှင်းတမ်းတွေကို ပုံမှန်တင်ပြရမယ်ဆိုတဲ့အချက်တွေပါတယ် ”လို့ အစည်းအဝေးတက်ရောက်ခဲ့သူက ပြောပါတယ်။

 စစ်ကောင်စီက အခုလိုမျိုး အသင်းအဖွဲ့တွေနဲ့ ပက်သက်တဲ့ ဥပေဒကို တင်းကြပ်လိုက်တဲ့အပြင် ခေါ်ယူသတိပေး တာပါ လုပ်လာတဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လုပ်ရ၊ ကိုင်ရ ပိုပြီးတော့ အခက်ကြုံလာ ရနိုင်တယ် လို့ လူမှုကူညီရေးလုပ်ငန်း လုပ်နေသူတွေကထောက်ပြကြပါတယ်။

 “လုပ်ရကိုင်ရတော့ ခက်သွားမှာပေ့ါ၊အခုအခြေအနေငြိမ်နေသေးလို့ပါ၊ အခြေအနေတွေ မငြိမ်တဲ့အခါကျရင် ပို ပြီးတော့ တင်းကျပ်လာနိုင်တယ်၊ဒါပေမယ့် ကျွန်တော်တို့ကတော့ သူတို့ကို အစိုးရလို့ မသတ်မှတ်တဲ့အတွက် သူ တို့ပြောတာ၊ ခြိမ်းခြောက်တာတွေကို ဂရုမစိုက်ပါဘူး”လို့ အမည်မဖော်လိုတဲ့ ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့ တခုက ပြော ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးတွေကိုလည်း ခေါ်ယူပြီး ရခိုင့်တပ်တော်(AA)နဲ့ အဆက်အစပ်မလုပ်ဖို့၊ လုပ်ခဲ့ရင် အရေးယူဖို့ ပြောဆိုခြိမ်း ခြောက်တာတွေကိုလည်း ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းက လုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရခိုင်တိုက်ပွဲကာလအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းက လူမှုရေးတက်ကြွ လှုပ်ရှားသူ တွေ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ပစ်မှတ်ထား ဖမ်းဆီး၊ အရေးယူတာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့တွေကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့သလိုမျိုး ပဲခူးတိုင်း တောင်ငူမြို့နယ်က အရပ်ဘက်အဖွဲ့တွေကိုလည်း အခုလအတွင်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ခေါ်တွေ့ ခဲ့သေးတယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အခုလအတွင်းသွားခဲ့တဲ့ ကရင်နီဒေသ ခရီး စဉ်အတွင်းမှာလည်း လွိုင်ကော်အခြေစိုက် ဘာသာရေးအသင်းအဖွဲ့တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဘာ သာရေးနဲ့လူမှုရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီလုပ်ကိုင်ကြဖို့ ပြောခဲ့ပါသေးတယ်။

ဘာသာရေး၊လူမှုရေးဆိုင်ရာ ကိစ္စတွေဆောင်ရွက်ရာမှာ သက်ဆိုင်ရာ၊ဌာနဆိုင်ရာတွေကိုအသိပေးဖို့စစ်ကောင်စီ ဒုတိယအကြီးအကဲက အဲ့ဒီတွေ့ဆုံပွဲမှာ ပြောခဲ့ပြီး မသမာသူတွေက ဘာသာရေးကိုအသုံးချပြီး ဥပဒေမဲ့လုပ်ရပ် တွေလုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

လက်နက်ကိုင်တိုက်ခိုက်မှုတွေမရှိတော့အောင် လုပ်ဆောင်နေရာမှာ ပြည်နယ်အစိုးရ၊စစ်တပ်တို့နဲ့အတူ ဒေသ ခံပြည်သူတွေ၊ဘာသာရေးအသင်းအဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ အာဏာသိမ်းစစ်တပ် ဒုတိအကြီးအကဲစိုးဝင်းကပြောခဲ့ပါတယ်။