ကလေးမြို့ ပြည်သူရဲတပ်ဖွဲ့က စစ်အုပ်စု ဝန်ထမ်းကိုဖမ်းဆီးတရားစွဲ ၊တရားစွဲထားတဲ့ ဝန်ထမ်းသုံးဦးရှိလာ

မတ်၊ ၂၉

အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရခံ ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့က စစ်ကောင်စီဝန်ထမ်းတဦးကို  ဖမ်းဆီးရမိပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ တရားစွဲဆိုထားတယ်လို့ ကလေးမြို့ ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံက DNA ကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာအာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးစိုးငြိမ်း ဆိုသူကို မတ်လ ၂၅ ရက် ညနေပိုင်းမှာ  ကလေး PDF တပ်ရင်း ၅ က ဖမ်းဆီးခဲ့ပြီးနောက် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ ပြည်သူရဲတပ်ဖွဲ့ကို အပ်နှံခဲ့တာလို့ သိရပါတယ်။

” သူကို PDF အဖွဲ့က သက်သေခံပစ္စည်းတွေနဲ့တကွလာရောက်အပ်နှံခဲ့တဲ့အတွက်ကျွန်တော်တို့ အမှုဖွင့်တရားစွဲဆိုတာပါ၊အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တရားရေးအဖွဲ့ကသူကို စီရင်မှာပါ၊အခုတော့ တရားလိုဘက်တွေကို ကျွန်တော်တို့စတင်စစ်ဆေးတာတွေလုပ်နေတယ် ” လို့ ကလေးမြို့ ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံ ကပြော ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာအာမခံလုပ်ငန်း ခရိုင်တာဝန်ခံအသက်(၅၈)နှစ်အရွယ် ဦးစိုးငြိမ်းကို ကလေး မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေချိန်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်ကလည်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က KTV တခုမှာ   စစ်ကောင်စီရဲ့ ခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနဲ့ အငယ်တန်းစာရေး တဦးအပါအဝင် တပ်ကြပ်ကြီး တဦးကို ဖမ်းဆီးရမိခဲ့တဲ့အတွက် ဘဏ်ဝန်ထမ်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါသေးတယ်။

ပြည်သူရဲတပ်ဖွဲ့က စွဲဆိုထားတဲ့အမှုတွေ ပက်သက်ပြီး စွပ်စွဲခံရသူတွေကို ရှေ့နေငှားရမ်း ခုခံခွင့်ပေးထားသလို ကိုယ်တိုင်ချေပပြောဆိုခွင့်လည်း ပေးထားတယ်လို့ ကလေးမြို့ပြည်သူရဲတပ် ဖွဲ့ (တောင်ပိုင်း) တာဝန်ခံက ပြောပါတယ်။

“ပထမအမှုမှာတုန်းကတော့ သူတို့ဘာသာပဲ ခုခံချေပမယ်လိုပြောပါတယ်ဗျ၊ကျွန်တော်တို့ဖက်ကတော့ ရဲလုပ်ငန်းစဉ်တွေအတိုင်းပဲ မှုခင်းဖြစ်တယ်ဆိုပြီး သတင်းပေးတိုင်ကြားလာတယ် ဆိုရင် တရားခံကို ဖမ်းပြီး တရားစွဲတင်နိုင်ဖို့လုပ်ပေးပါတယ် ” လို့ သူကဆိုပါတယ်။

ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုသူတွေအနေနဲ့ စွပ်စွဲချက်တွေကို ခုခံချေပနိုင်ဖို့အတွက် ရှေ့နေ လုပ်ငန်းကျွမ်းကျင်သူ၊လုပ်ကိုင်နေသူတွေကို ရှေ့နေအဖြစ် ငှားရမ်းခွင့်ပေးထားတယ်လို့ဆိုပါတယ်။

တရားခံဖမ်းဆီးရမိရေး ကိစ္စတွေနဲ့ လုံခြုံရေး ကိစ္စတွေကို ကလေးပြည်သူရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေလုပ်ဆောင်နေတယ်လို့ ကလေး PDF တပ်ရင်း (၁) က တာဝန်ရှိသူ တဦးကဆိုပါတယ်။

” မြေပြင်မှာ လိုအပ်လာရင် ပြည်သူရဲနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိပါတယ်၊တရားခံ ဖမ်းတာပဲဖြစ်ဖြစ် စုံစမ်းဖော်ထုတ်ရေး ကိစ္စတွေမှာလည်း ပါဝင်ပေးပါတယ်၊ မှုခင်းကိစ္စတွေမှာ နယ်မြေစိုးမိုးထားတဲ့ နေရာတွေမှာ ပေါင်း လုပ်ကြတယ် ” လို့ သူကပြောပါတယ်။

ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ကို CDM ရဲတပ်ဖွဲ့ဝင်တွေကို စုပေါင်းပြီး ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက စတင်ဖွဲ့စည်းခဲ့ပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ကို စက်တင်ဘာလမှာ ရရှိခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ကလေးမြို့ပြည်သူ ရဲတပ်ဖွဲ့က မြို့ပေါ်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲခြားပြီး အမှုတွေကို တရားစွဲတာတွေလုပ်နေသလို ဖမ်းဆီးရမိသူတွေကို ထိန်းသိမ်းဖို့ အချူပ်ခန်း နှစ်ခန်းနဲ့ အကျဉ်းထောင် နှစ် ခုကို စီစဉ် ထား တယ်လို့ သိရပါတယ်။

ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ခြောက်လတာကာလအ တွင်း အမှုပေါင်း ၁၂၀ ကျော် လောက် ကိုအမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သလို အဲဒီအမှုတွေထဲမှာ မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံ တဦးက ပြောထားပါတယ်။

အလားတူပဲ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အုပ်ချူပ်ရေးအဖွဲ့အစည်းတွေကို အပ်နှံရသလို တရားခံတွေကိုတော့လက်ရှိတည်ဆဲဥပဒေတွေ ပြစ်မှုဆိုင်ရာ ဥပဒေတွေ အရ တရားစွဲဆိုတာတွေ လုပ်နေတာလို့ သူကဆိုပါတယ်။