ပင်လောင်းက စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျောရောဂါအဖြစ်များနေ၊ စစ်ကောင်စီဂိတ်တွေက ဆေးဝါးတင်သွင်းခွင့်မပြုလို့ အခက်ကြုံ

မတ်၊ ၇

ရှမ်းပြည်တောင်ပိုင်းမှာ ကရင်အမျိုးသားများကာကွယ်ရေးတပ်(KNDP )ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပအိုဝ်းအမျိုးသားတပ်တို့ရဲ့  (၁၀) ရက်ခန့် တိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ်ထဲက စစ်ရှောင်တွေ ဒီရက်ပိုင်း ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များလာတယ်လို့ သိရပါတယ်။ 

 “ဝမ်းပျက်ဝမ်းလျော့က ဒီရက်ပိုင်းအဖြစ်များလာတယ်။ သူတို့က နေရပ်ကို စွန့်ခွာလာတယ်။ ဒီက ရာသီဥတုနဲ့ မတူတာ၊ အစားအသောက်အပြောင်းအလဲဖြစ်သွားတာ၊ စိတ်ကျန်းမာရေးတွေလည်း ပါမှာပေါ့နော်။ အဲဒီအတွက်က ဆေးဝါးတွေ လိုအပ်နေပါတယ်။ တချို့ဒေသတွေမှာဆိုရင် ရေရှားတာတို့၊ ရေမသန့်တာတို့ ရှိတယ်။ ရေက သောက်သုံးဖို့ပဲ ရှိတယ်။ သောက်သုံးရေ မသန့်တဲ့ စစ်ရှောင်နေရာတွေလည်း ရှိတယ်ပေါ့နော်။ တောဘက် ရှောင်တဲ့ သူတွေက ပိုဒုက္ခရောက်တယ်။ ကျနော်အသိ ရပ်ရွာမှာဆိုရင် စစ်ရှောင်တွေရဲ့ ၃ပုံ ၁ က ဖြစ်တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

 ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ဦးရေများပြားတာကြောင့် ဆေးဝါးမလုံလောက်မှု ပြသနာတွေ ကြုံတွေ့နေရပြီး စစ်ကောင်စီနဲ့ PNO ရဲ့ ဂိတ်တွေက ဆေးဝါးတွေ တင်သွင်းခွင့် မပြုလို့ ပိုအခက်ကြုံနေရပါတယ်။ စစ်ရှောင်တွေဟာ ပင်လောင်မြို့နယ်ထဲ ပျံ့ကျဲနေတဲ့အတွက် ဆေးကုသဖို့ လိုအပ်နေတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိနိုင်ပါဘူးလို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ 

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် တောင်မဲသင်း၊ နန်းနိန်၊ တောင်စလုံး၊ မြောက်စလုံ၊ ဆောင်းပြောင်း၊ လွယ်ဝန်နဲ့ လုံးပျဉ် စတဲ့ ရွာတွေက ဒေသခံ ၄ထောင်ကျော်ဟာ စစ်ဘေးရှောင်နေရပါတယ်။ 

 အဲဒီစစ်ရှောင်တွေဟာ ပင်လောင်မြို့ပေါ်အပြင် နန်းထား၊ ပင်ခွဉ်၊ ထီဗီ့၊ ကော်လွို့၊ ဝါးလီ စတဲ့ အနီးအနားက ရွာအများအပြားမှာ စစ်ရှောင်နေကြရပြီး အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးတွေအပြင် တကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ 

 ဖေဖော်ဝါရီလ ၂၄ရက်ကနေမတ်လ ၅ရက်အထိ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ လက်ရှိ ငြိမ်နေပေမဲ့ စစ်ကောင်စီတပ်နဲ့ PNO တပ်တွေဟာ ပင်လောင်တောင်ဖက် တောင်ပေါ်တွေမှာ နေရာယူထားပြီး KNDF ၊ ကရင်နီတပ်မတော်(KA )နဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF )တပ်တွေဟာ တောင်မဲသင်း၊ လုံးပျဉ် စတဲ့ ကျေးရွာဘက်တွေမှာ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

 ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ PNO တပ်တွေဟာ တပ်အင်အားတွေ ဆက်လက်ဖြည့်တင်းနေပြီး အင်းအား ဘယ်လောက်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

 ဇန်နဝါရီလ ၂၄ရက်က ဆောင်းပြောင်းရွာအနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ KA ပူးပေါင်းတပ်တွေက လက်ဦးတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အား ၁၀၀ ကျော်နဲ့  တောင်မဲတင်းနဲ့ ပင်ပုံကျေးရွာတွေဘက် စတင်စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ 

 အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ PNO/PNA ပူးပေါင်းတပ်ဘက်က အထိနာတဲ့အတွက် လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ 

 KNDF၊ KA စတဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO/PNA တပ်တွေကြား ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၅ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်။ KNDF ပူးပေါင်းတပ်က ၂ ဦး ကျဆုံးတယ်လို့ သိရပါတယ်။ 

 စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ – Mobye Rescue Team