ကချင်ပြည်နယ်က ၅/ မှတ်ပုံတင် ကိုင်ဆောင်သူတွေ စိစစ်တင်းကြပ်ခံနေရ

မတ်၊ ၆

ကချင်ပြည်နယ်က လီဒိုလမ်းမကြီးအပါအဝင် လမ်းတချို့နဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတချို့မှာ စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင်အမှတ် ၅/ ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေနဲ့ နေထိုင်သူတွေကို တင်းတင်းကြပ်ကြပ်စိစစ်နေတယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ ပုံမှန်စစ်ဆေးရေးဂိတ်တွေကတော့ ရှိနေကြပါ။ ဒါပေမယ့် အရမ်းတင်းတင်းကြပ်ကြပ်ကြီး စစ်တာမျိုးတော့ မဟုတ်ဘူး။ အခုက တော်တော်လေးစစ်တယ်။ ကျွန်တော်တို့ဆီက အလုပ်သမားတွေဆိုရင် ရွာထဲတောင် မသွားဖြစ်ကြတော့ဘူး ” လို့ မိုးညှင်းခရိုင်ထဲမှာ ရွှေတူးဖော်မှုလုပ်နေတဲ့ ကိုဝင်းဇော်က DNA ကိုပြောပါတယ်။

၎င်းတို့ရဲ့ရွှေလုပ်ကွက်မှာ စစ်ကိုင်းတိုင်းဒေသကြီးထဲက အလုပ်သမားတွေ အများအပြား ရှိနေတာကြောင့် စစ်ကောင်စီတပ်တွေကို ယခင်ကထက်ပိုတဲ့ လာဘ်ထိုးငွေတွေ ပေးထားရတယ်လို့ ဆိုပါတယ်။

“အရင်ကတလနှစ်သိန်းလောက်ပေးရတယ်။အခုဆိုလက်ဖက်ရည်ဖိုးဆိုပြီးတပတ်ငါးသောင်းလောက် ထပ်ပေးနေရတယ်။မပေးရင်လုပ်ကွက်ကထွက်တဲ့ရွှေပေးမရောင်းဘူးခြိမ်းခြောက်တယ်”လို့ ရွှေတူးဖော်တဲ့လုပ်သားတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း ဖားကန့်မြို့နယ်ထဲက ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်‌ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ဖမ်းဆီးသွားခဲ့ပါတယ်။ 

ဒီလူတွေဟာ စစ်ကိုင်းတိုင်း ပုလဲနယ်ကနေ ပြောင်းရွေ့နေထိုင်သူတွေ အများစုဖြစ်တယ်လို့ ရှရော်ခကျေးရွာမှာနေထိုင်သူတဦးရဲ့ ယောက်ဖတော်စပ်သူက ဆိုပါတယ်။

 သူက “ ကျွန်တော်က ဝှေခါ (ဖားကန့်)မှာနေတာ ရှရော်ခမှာဖြစ်တဲ့ကိစ္စကို နောက်နေ့မှ သိရတာပေါ့နော် ။ယောက်ဖပြန်လွတ်လာမှ သိရတာပါ။ ကျွန်တော်တို့ဆီမှာ သတင်းတွေလည်း ကြည့်လို့မရဘူးလေ။ အသေးစိတ်တော့ မပြောနိုင်ပေမယ့် အဓိက စစ်ကိုင်းက လူတွေကိုလာစစ်တာ မှာ ကုမ္ပဏီတွေထဲလည်း ဝင်စစ်ပြီး ရွာကလူတွေကိုပါ ဖမ်းသွားတာပါ။ ပြီးတော့ ကျွန်တော်တို့ဖက်မှာလည်း စစ်ကိုင်းကလူတွေကို ကုမ္ပဏီတွေက စည်းကမ်းတင်းကြပ်တာတွေ ရှိလာပါတယ် ” လို့ DNA ကိုပြောပါတယ်။

စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့စစ်ကိုင်းတုထဲကမြို့ပေါင်း ၁၄မြို့နယ်ကိုစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာ၊စစ်ကြောင်းထိုးမီးရှို့တာတွေနေ့စဉ်လုပ်ဆောင်နေတာပါ။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်းတနိုင်ငံလုံးက စစ်ရှောင် ၁ဒဿမ ၆သန်းကျော်ထဲက ရှစ်သိန်းခန့်နဲ့ မီးရှို့ခံရတဲ့ အိမ်ပေါင်း ငါးသောင်းငါးထောင်ကျော်ထဲက လေးသောင်းကျော်ဟာ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။

တနိုင်း – မြစ်ကြီးနား လီဒိုလမ်းမကြီးပေါ်မှာလည်း စစ်ဆေးရေးတွေတင်းကြပ်နေပြီး အမျိုးသမတွေရဲ့ အင်ကျီင်္အိတ်ကပ်တွေအထိ ရှာဖွေတာမျိုးတွေရှိတယ်လို့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Kachinwaves သတင်းဌာနက ဖော်ပြထားပါတယ်။