သြဂုတ်၊ ၁၉
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်ပြီး ဗန်းမော်မြို့အတွက် အရေးပါတဲ့တပ်စခန်းတခုဖြစ်တဲ့ ခမရ၄၃၇ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်လို့ KIAသတင်းရင်းမြစ်တဦးက DNAကို ပြောပါတယ်။
မိုးမောက်နဲ့ဗန်းမော်ကြားရှိ ခမရ၄၃၇ကို ဒီကနေ့သြဂုတ်လ၁၉ရက် ညနေပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တာပါ။
မိုးမောက်ဒေသမှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကစလို့ တိုက်ပွဲတွေပြန်ပြင်းထန်လာတာဖြစ်ပြီး တလလောက်အကြာမှာတော့ နောက်ဆုံးလက်ကျန်ခမရ၄၃၇ကို အပြီးသတ်သိမ်းပိုက်နိုင်တာလည်းဖြစ်ပါတယ်။
ဒါကြောင့်မလို့ မိုးမောက်မြို့နယ်တခုလုံးမှာ စစ်ကောင်စီတပ်မရှိတော့ဘဲ KIAဖက်ကအပြည့်အဝထိန်းချုပ်နိုင်ပြီလို့အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။
မိုးမောက်မြို့နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကိုလည်းKIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှာ ထိန်းချုပ်ထားတာပါ။
“ဗန်းမော်ကိုခြိမ်းခြောက်နိုင်ပြီ”လို့သတင်းရင်းမြစ်ကဆက်ပြောပါတယ်။
ဗန်းမော်မြို့စောင့်တပ်လိုဆိုကြတဲ့ခမရ၄၃၇ကမိုးမောက်မြို့နဲ့ ၄မိုင်လောက်အကွာမှာတည်ရှိတာပါ။ ဒါ့အပြင်ဗန်းမော်မြို့နဲ့၄မိုင်ကျော်လောက်သာကွာဝေးတာဖြစ်ပါတယ်။
ဗန်းမော်မြို့မှာတော့စစ်ကောင်စီဖက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ပြီးအမြောက်တပ် အပြင်လက်ရုံးတပ်တွေလည်းရှိတယ်လို့KIAနဲ့ နီးစပ်သူတွေကပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ၇ရက်ကစတင်ခဲ့တဲ့ ထိုးစစ်ကာလ၅လကျော်ကာလအတွင်း KIAနဲ့ပူးပေါင်းတပ်တွေက တပ်စခန်းပေါင်းနှစ်ရာနီးပါးကို သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါဖုန်းယန်၊ လွယ်ဂျယ်နဲ့မိုးမောက်စတဲ့ကချင်ပြည်နယ် မြို့ရှစ်မြို့နဲ့ ရှမ်းမြောက်ဒေသ မဘိမ်းမြို့တို့ကိုသိမ်းပိုက်ထားပါတယ်။