ဖားကန့်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဒေသခံ၂၀ကျော်ကို ညတွင်းချင်းပြန်လွှတ်ခဲ့

ဧပြီ၊ ၃၀
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းယန်ကျေးရွာကို စစ်ကောင်စီက မနေ့က ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သား၂၁ ဦးကို မနေ့ကညပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ၂၁ယောက်လုံးကို မနေ့က မနက် ၉ နာရီမှာ ဖမ်းတယ်။ တနေကုန်နေပူထဲမှာနေရတယ်။ ဖားကန့်မှာက မနေ့က ၉၂ ဒီဂရီဖာရင်ဟိုက်ထိ ရှိတယ်။ မနေ့က တော်တော်ပူတယ်။ ရိုက်နှက်တာတော့မရှိဘူး။ စစ်မေးပြီး ခံဝန်ထိုးပြီး ပြန်လွှတ်လိုက်တယ် ” လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
 
ကချင်သတင်းမီဒီယာတခုဖြစ်တဲ့ Kachin News Group(KNG)ကတော့ စစ်ကောင်စီဟာ ဒီကနေ့မနက်ပိုင်းမှာ သေနတ်တွေပစ်ဖောက်ကာ မလန်းယန်ရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေကို စာသင်ကျောင်းထဲ ဖမ်းဆီးထားခဲ့တာလို့ ဖော်ပြထားပါတယ်။
 
“ သူတို့ဖမ်းတာက ဘာရယ်လို့ အကြောင်းပြချက်မရှိဘူး။ ရွာထဲဝင်လာရင် သူတို့ကဖမ်းတာကတော့ ထုံးစံပဲ။ ဘယ်အဖွဲ့တွေနဲ့ ပါတ်သတ်လဲ ဘာလဲ မေးတယ်။ အပြစ်ရှိလို့မဟုတ်ဘူး “ လို့ ဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့နယ်၊ မှော်ဘုံရွာကိုလည်း ဧပြီ ၂၁ ရက်က ဝင်ရောက်စီးနင်းကာ ဒေသခံနှစ်ရာကျော်ကို ဖမ်းဆီးခဲ့ပါသေးတယ်။ အဲ့ဒီနောက် နှစ်ရက်အကြာမှာ ဖမ်းဆီးခံရသူတွေထဲက ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ဖမ်းဆီးခံပြည်သူတွေရဲ့ အခြေအနေကိုတော့ ဒီကနေ့အထိ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် ဧပြီ ၂၆ ရက်ကလည်း မဇွပ်ယန်နဲ့ ဆန်ခါရွာတွေက ဒေသခံ တရာဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
 
စစ်ကောင်စီတပ်က အခုလို ကျေးရွာတွေကို ဘာကြောင့်ဝင်ရောက်စီးနင်းပြီး ဒေသခံအများအပြား ဖမ်းခေါ်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိကြရပါဘူး။
 
ဖားကန့်ဒေသခံတွေကတော့ စစ်ကောင်စီအနေနဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ အခုနှစ်ထဲမှာ ပိုမိုလုပ်ဆောင်လာတယ်လို့ ပြောကြပါတယ်။
 
စစ်ကောင်စီအနေနဲ့ အခုလိုတွေ အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိပ်လန့်နေကြရတယ်လို့လည်း ဖားကန်းကန့်ဒေသခံတွေက ပြောပါတယ်။ 
ဓာတ်ပုံ – KNG
ပုံစာ – ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီက မှော်ဘုံရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံနှစ်ရာကျော်ကို ဖမ်းဆီးထားစဥ်