မင်းတပ်မှာ စစ်တပ်လက်နက်ကြီးကြောင့် CDF မင်းတပ်အဖွဲ့ဝင်တဦးနဲ့အရပ်သားသုံးဦးသေဆုံး

ဖေဖော်ဝါရီ ၊ ၂၆

ချင်းပြည်နယ်၊ မင်းတပ်မြိုမှာ မနေ့ဖေဖော်ဝါရီ ၂၅ ရက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားမိသားစုဝင် ၃ဦးသေဆုံးခဲ့သလို အဲဒီနေ့မှာပဲစစ်ဘေးရှောင်စာရင်းကောက်ယူဖို့သွားတဲ့ CDF-Mindat တပ်ဖွဲ့ဝင်တဦးလည်း စစ်တပ်လက်နက်ကြီးထိမှန်ကျဆုံးခဲ့တယ်လို့ CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၇၄ တပ်ရင်းကပစ်တဲ့လက်နက်ကြီးဟာ မင်းတပ်မြို့နယ်အမှတ် ၄ ရပ်ကွက်ထဲက နေအိမ်တလုံးကိုထိမှန်ခဲ့ပြီး အိမ်ထဲမှာရှိတဲ့မိသားစုဝင် ၃ဦးနေရာမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

CDF-Mindat တပ်ဖွဲ့ ဗိုလ် ဆလိုင်းဘီလီအောင်ထန်းကတော့ စစ်ဘေးရှောင်တွေကိုစာရင်းကောက်ယူဖို့သွားရင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့တာဖြစ်တယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မင်းတပ်မြို့ထဲမှာ တယ်လီဖုန်းလိုင်းတွေကို စစ်တပ်ကဖြတ်တောက်ထားတာကြောင့်ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့  CDF မင်းတပ်ရဲ့ထုတ်ပြန်ချက်ကလွဲရင် အသေးစိတ်မေးမြန်းဖို့ဆက်သွယ်လို့မရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ၁၀ကြိမ်ထက်မနည်းပြုလုပ်နေသလို ဟားခါးမြို့နယ်အတွင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။