KNU တပ်မဟာ(၅)နယ်မြေထဲ စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲလို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်း နှစ်ရက်ဆက် လေကြောင်းက ဗုံးကျဲတိုက်ခိုက်လို့ စာသင်ကျောင်းတကျောင်းနဲ့ လူနေအိမ် (၁၂)လုံး ထိခိုက်ပျက် စီးသွားတယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တပ်မဟာ (၅)နယ်မြေထဲက လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာနဲ့ ထော့ထီးပယ်ကျေးရွာတွေထဲကို  ဖေဖော်ဝါရီ၁၄ရက်နဲ့ ၁၅ရက် နှစ်ရက်ဆက် လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦးတွေ အပါအဝင် ဈေးဆိုင်သုံးဆိုင်၊ စပါးကျီ၊ ဆန်စက် စတာတွေလည်း ထိခိုက်ပျက်စီးသွားလို့ စုစုပေါင်းကာလတန်ဖိုး ဘတ်သုံးသန်းကျော် ဆုံးရှုူံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နှစ်ရက်အတွင်း တိုက်လေယာဉ် ခြောက်စီးနဲ့ ဗုံးသီး(၁၂)လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိ ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုရှိမရှိဆိုတာကိုတော့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေဘုနိုကျေးရွာထဲက နေအိမ်ခြောက်လုံး၊ထော့ထီးပယ် ကျေးရွာထဲက စာသင်ကျောင်းနဲ့ နေအိမ်ခြောက်လုံး၊ ဈေးဆိုင်သုံးဆိုင် စပါးကျီနှစ်လုံး၊ ဆန်စက်တလုံးနဲ့ လယ် ထွန်စက်၊ ဆိုင်ကယ်စတဲ့ အသုံးအဆောင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့KNU တပ်မဟာ နယ်မြေတွေထဲ စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တပ်မဟာ(၅) နဲ့ တပ်မဟာ(၆)နယ်မြေတွေထဲ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၆၀)နီးပါး လုပ်ခဲ့တယ်လို့ KNU ဗဟိုကထုတ် ပြန်ထားပါတယ်။

ဒါ့အပြင် အခုလအတွင်း ဖေဖော်ဝါရီ(၁၅)ရက်ကလည်း KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်အတွင်းကို စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံးကျဲချခဲ့သလို လေယာဉ်ပေါ်ကနေ စက်သေနတ်ကြီးနဲ့ အချက်ရေ အများအပြားပစ်ခတ်ခဲ့သေးတယ်လို့ KNUက ထုတ်ပြန်ပါထားပါတယ်။ 

အဲ့ဒီပစ်ခတ်မှုမှာတော့ တစုံတရာထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။KNU နယ်မြေတွေထဲ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ DNA က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

Photo – KNU