ဂျပန်ရေပိုင်နက်မှာ မှတ်တမ်း မတင်ရသေးတဲ့ ကျွန်းအသစ် ၇၀၀၀ ဝန်းကျင်လောက် ရှာတွေ့

အသစ်ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ဂျပန်ပိုင် ကျွန်းအရေအတွက်ဟာ ၇၀၀၀ ဝန်းကျင်လောက် ထပ်တိုးလာကြောင်း သိရပါတယ်။

ဂျပန် အစိုးရဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း နိုင်ငံရေပိုင်နက်မှာ ပထမဆုံးအကြိမ် စစ်တမ်း ပြန်ကောက်ခဲ့တဲ့နောက် အခုလို ကြေညာခဲ့တာပါ။ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်မှာ အရင်က ကျွန်းပေါင်း ၆၈၅၂ ခု ဖွဲ့စည်း ပါဝင်နေတယ်လို့ သတ်မှတ်ထားပါတယ်။ 

ဒါပေမဲ့ အသစ်ကောက်ယူတဲ့ စစ်တမ်းအပြီးမှာတော့ အဲဒီ အရေအတွက်ဟာ ၁၄၁၂၅ ကျွန်းထိ ဖြစ်လာခဲ့ပါတယ်။

တောင်ထူထပ်တဲ့ ကျွန်းနိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်ဟာ စတုရန်းမိုင် ၁၄၆၀၀၀ လောက် ကျယ်​ဝန်းပြီး ပစိဖိတ် သမုဒ္ဒရာ၊ အော့ဟော့စ်ခ်ပင်လယ်၊ ဂျပန်ပင်လယ်နဲ့ အရှေ့ တရုတ်ပင်လယ်တွေက ဝန်းရံထားပါတယ်။

ကျွန်းအသစ်တွေနဲ့ ပတ်သက်တဲ့ စစ်တမ်းကိုတော့ ဂျပန်ရဲ့ ဘူမိသွင်ပြင် သတင်းအချက်အလက်ဌာန တာဝန်ရှိသူတွေက ကြီးမှူးပြီး ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းဟာ ဂျပန်ရဲ့ ပထဝီဝင်နဲ့ ပတ်သက်ရင် ပိုမိုတိကျတဲ့ အချက်အလက်တွေကို ရရှိလာစေခဲ့ပါတယ်။

ဂျပန်မှာ ကျွန်းသေး ကျွန်းမွှားလေးတွေကအစ စတုရန်းမိုင် သိန်းနဲ့ချီ ကျယ်ပြောတဲ့ ဧရိယာထဲမှာ ပျံ့နှံ့နေတာကြောင့် စာရင်းကောက်ယူရတဲ့ ကိစ္စဟာ အတော့်ကို ခက်ခဲပြီး စိန်ခေါ်မှု ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ နည်းပညာ ဖွံ့ဖြိုးလာတဲ့ခေတ်မှာ ဒစ်ဂျစ်တယ် မြေပုံဖတ် စနစ်လိုမျိုးတွေကြောင့် ကျွန်းတွေကို ပိုမို ရှာဖွေ ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်းသစ် အများအပြားကို တွေ့ခဲ့ရသလို တချို့ ကျွန်းတွေကတော့ ပင်လယ်ရေမျက်နှာပြင်အောက် ပြန်လည် နစ်မြုပ်သွားခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

Ref: Guardian