အိုးဘိုထောင်တွင်း တရားရုံးမှာ အကျဉ်းသားတွေ သက်သေအဖြစ်ထွက်ဆိုခွင့် ပိတ်ပင်

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းက စစ်အုပ်စုလက်အောက်ခံ ထောင်အတွင်းတရားရုံးတွေမှာ အကျဉ်းသားတွေ သက်သေအဖြစ် စစ်ဆေးခံခြင်းကို ပိတ်ပင်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထောင်အတွင်း တရားရုံးတွေမှာ စစ်ဆေးနေတဲ့ နိုင်ငံရေးအမှုတွေအတွက် အကျဉ်သားတွေ စစ်ဆေးခံခြင်းကို ဒီလ ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး  လုံခြုံရေးကြောင့်ဆိုကာ ပိတ်ပင်ထားတာလို့ သိရပါတယ်။

“ထောင်ထဲမှာ စစ်နေတဲ့အမှုတွေက အားလုံးသိတဲ့အတိုင်း များသောအားဖြင့် နိုင်ငံရေးအမှုတွေများတယ်၊ အခုကျတော့ လုံခြုံရေး အကြောင်းပြပြီး သက်သေအဖြစ် အစစ်ခံတာတွေကို ပိတ်ထားတယ် ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထောင်တွင်း တရားရုံးမှာ အကျဉ်းသားတွေ သက်သေထွက်ဆိုခွင့်ပိတ်ပင်တာကို အကျဉ်းထောင်ဘက်က သတ်မှတ်တာဖြစ်ပြီး ဘယ်ကာလအထိ အခုလိုပိတ်ပင်ထားမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

“ဘယ်လောက် အထိပိတ်တယ်ဆိုတာတော့ မသိဘူး၊ အမှုတွေကတော့ စစ်ဆေးဖို့ ရုံးချိန်းတွေရှိကြတယ်၊ ဘယ်လိုစစ်မလဲ မသိဘူး၊ ရုပ်သံကတဆင့်စစ်မလားတော့ မသိသေးဘူး၊ အမှုတွေကတော့ ကြာသွားနိုင်တယ် ” လို့ တရားရေးနဲ့ နီးစပ်သူက ပြောပါတယ်။

ဒီလ အစောပိုင်းတုန်းက အိုးဘိုထောင်တွင်း အမျိုးသမီးအဆောင်မှာ ထောင်ဝန်ထမ်းအမျိုးသားတွေက ဝင်ရောက်ရိုက်နှက်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလို ကန့်သတ်ပိတ်ပင်မှုတွေ ဖြစ်လာတာလို့ သိရပါတယ်။

 

Photo – Google