ပဲခူးတိုင်းအရှေ့ခြမ်းမှာ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ကကျေးရွာတွေအထိဆိုင်ကယ်တွေဆင်းဖမ်းနေ

ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်က ကျေးရွာတွေ အထိဆင်း ပြီးဆိုင်ကယ်တွေလိုက်လံဖမ်းဆီး သိမ်းယူနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ 

ရစ်ကန်ကြီး၊ ကဝ၊သက္ကလ စတဲ့မြို့နယ်တွေမှာအရင်က ပဲခူး-ခရမ်းလမ်းမပေါ်မှာဘဲ ဆိုင်ကယ်တွေကိုစစ်ဆေး ဖမ်း ဆီးတာတွေလုပ်လေ့ရှိပြီး အခုနောက်ပိုင်းရွာတွေအထိ ဆင်းပြီးလိုက်ဖမ်းနေတာလို့ ဆိုပါတယ်။ 

“ရွာချင်းဆက်လမ်းတွေမှာစောင့်ဖမ်းတယ်၊ရွာတွေထဲအထိဆင်းဖမ်းနေတာမို့လို့ ဆိုင်ကယ်ရှိတဲ့သူတွေကနည်းအ မျိုးမျိုးနဲ့ဖွက်နေရတယ်၊ခြံထဲမှာတောင်ရပ်မထားရဲဘူး”လို့ ဒေသခံတဦးကပြောပါတယ်။ 

အဲဒီဒေသက ဒေသခံတွေဟာ မြို့နဲ့အလှမ်းကွာဝေးတာကြောင့် စျေးဝယ်တာ၊ဆေးကုသဖို့သွားလာတာတွေ အ တွက်ဆိုင်ကယ်ကိုပဲအဓိကအားထားအသုံးပြုနေကြရတာလို့ဆိုပါတယ်။ အခုလို ရွာတွေအထိဆင်းဖမ်း နေတာ ကြောင့် ဆိုင်ကယ်ထုတ်စီးရဲသူမရှိသလောက်ဖြစ်နေပြီး အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ စစ်တောင်းမြစ်ဝ အနီးကျေးရွာတရွာမက ပြည်သူတဦးကပြောပါတယ်။

 “လိုင်စင်ရှိရှိ၊မရှိရှိဖမ်းပြီးသိမ်းသွားတာ၊ကြည့်ရတာ သူတို့လုံခြုံရေးအရဆိုင်ကယ်စီးပြီးလုပ်ကြံမှာကြောက်လို့ လို့ထင်တာပဲ”လို့ သူကပြောပါတယ်။

 ဒါ့အပြင် အဲဒီဒေသကကျေးရွာတွေမှာ ည၈နာရီနောက်ပိုင်းအပြင်မထွက်ဖို့အမိန့်ထုတ်ထားသလို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်တောင်းမြစ်ဝကမ်းနားမှာ သေနတ်ပစ်သင်ပေးနေတာရှိတယ်လို့ လည်းဒေသခံ တွေက ဆိုပါတယ်။ 

ပဲခူးတိုင်းအရှေ့ခြမ်းဟာစစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေရာတွေဖြစ်ပြီး ထိန်းချုပ်နိုင်တဲ့နယ်မြေတွေ လက် လွှတ်ရမှာစိုးတဲ့အတွက် လုံခြုံရေးတင်းကျပ်ကာကွယ်မှုတွေလုပ်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေ ကသုံးသပ် ပါတယ်။