ဖက်ဒရေးရာ အယ်ဒီတာ့ ပြန်စာ

ဒီတစ်ပတ်တော့ — အယ်ဒီတာအဖွဲ့ထံကို “ကိုဝေဖြိုး” က ဖက်ဒရယ်ရေးရာနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ပို့လာပါတယ်။ အဲဒါကတော့ – ဖက်ဒရယ်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးစနစ် (Federalism and Decentralization) ဘယ်လို ဆက်စပ်နေသလဲဆိုတာကို မေးမြန်းလာတာဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှုလျော့ရေးဟာ တူသလိုလိုနဲ့ မတူပါဘူး။ သီးခြားအနက်အဓိပ္ပာယ်ကိုယ်စီရှိတယ်လို့ ပြောချင်ပါတယ်။ အကြောင်းကတော့ — ဖက်ဒရယ်စနစ်ဟာ တစ်ပြည်ထောင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တွေ့ရတဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချရေးစနစ်ထက် အာဏာခွဲဝေကျင့်သုံးရေးမှာ များစွာ အာမခံချက်ရှိတယ်လို့ ပြောနိုင်ပါတယ်။ တစ်ပြည်ထောင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ‌ တွေ့ရလေ့ရှိတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကတော့ — ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာခွဲဝေသုံးစွဲရေးမှာ အာမခံချက် မရှိပါဘူး။
ဗဟိုအစိုးရ အလိုရှိသလောက်၊ ဗဟိုအစိုးရ မျှဝေပေးသလောက်သာ ပြည်နယ်အစိုးရတွေက လုပ်ပိုင်ခွင့် ရကြပါတယ်။ ဖက်ဒရယ်စနစ်မှာတော့ ပြည်နယ်အစိုးရတွေဟာ — လုပ်ပိုင်ခွင့် သတ်သတ်မှတ်မှတ် တိတိကျကျ ရထားသလို၊ အဲသည့်လုပ်ပိုင်ခွင့်တွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံချက်ရှိထားတာကို တွေ့ရပါတယ်။
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အခြေခံအားဖြင့် မျိုးကွဲ (၂) ခု တွေ့ရပါတယ်။
အဲဒါကတော့ ဗဟိုအစိုးရက လုပ်ပိုင်ခွင့် ပိုယူထားတဲ့ ဖက်ဒရယ်စနစ်မျိုးနဲ့ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပိုပေးထားတဲ့ ဖက်ဒရယ်စနစ်တို့ပဲ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ကြွင်းကျန်အာဏာတွေကို ဆုံးဖြတ်ဖို့ အခွင့်အရေးပေးထားတဲ့ ဖက်ဒရယ်စနစ်မျိုးကို ဗဟိုချုပ်ကိုင်မှုလျော့ချထားတဲ့ ဖက်ဒရယ်စနစ်လို့လည်း ပြောနိုင်ပါတယ်။
တကယ်တော့ ဖက်ဒရယ်စနစ်မှာ တွေ့ရတဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာခွဲဝေမှုဟာ တစ်ပြည်ထောင်နိုင်ငံတွေမှာ တွေ့ရတဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချရေးဆိုတာထက် အာမခံချက် ပိုရှိတာကို ထင်ရှားစွာ တွေ့ရပါတယ်။
အယ်ဒီတာအဖွဲ့
Delta News Agency
၁၂ ၊ ဇန်နဝါရီ၊ ၂၀၂၃