မန္တလေးက ချင်းဘာသာရေးခေါင်းဆောင်တဦးကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ဆယ် ကျော်ချမှတ်

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်၊ သိက္ခာတော်ရ ဆရာတော် သျှန်းလျှန်ဆန်း (Rev.Thian Lian Sang) ကို အာဏာသိမ်း စစ်ကောင်စီက ဒီဇင်ဘာ (၇) ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က) နဲ့ အအလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

သိက္ခာတော်ရ ဆရာတော် သျှန်းလျှန်ဆန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့ကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ထားခဲ့ပြီးဖြစ်လို့ စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂၃) နှစ် ကျခံရဖို့ရှိနေတာ ဖြစ်ပါတယ်။

“တအားစိတ်မကောင်းဘူး၊ ဆရာတော်က မန္တလေးမှာနေတယ်ဆိုပေမယ့် အသင်းတော်ချင်းဆက်စပ်နေတော့ ဒီကလူတွေနဲ့လည်း ရင်းနှီးကြတယ်၊ စိတ်ထားကောင်းပြီး တည်တည်ကြည်ကြည်ရှိတယ်” လို့ ဆရာတော်နဲ့ ရင်းနှီးတဲ့ ဖလမ်းမြို့ခံတဦးက ပြောပါတယ်။

အဲ့ဒီသိက္ခာတော်ရ သင်းအုပ်ဆရာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ (၁၆) ရက်က မန္တလေးမြို့က နေအိမ်မှာ အင်အားအများအပြားနဲ့ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး တနှစ်ဝန်းကျင်အကြာမှာ အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တာပါ။

ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ သိက္ခာတော်ရ ဆရာတော် သျှန်းလျှန်ဆန်းရဲ့နေအိမ်အတွင်းက ငွေသားကျပ် သိန်းလေးဆယ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ဆရာတော်ကို ငွေအဝင်အထွက်ရှိတယ်ဆိုပြီး မသင်္ကာလို့ ဖမ်းတာလို့ထင်တယ်၊ ဆရာတော်က တောင်ပေါ် (ချင်းပြည်နယ်) ကို သူတတ်နိုင်သလောက်ကူတယ်၊ ကူတာလည်းကြာလှပြီ၊ နိုင်ငံရေးနဲ့မဆိုင်ပါဘူး၊ (ထောင်) ကျတဲ့ နှစ်လည်းတအားများလွန်းတယ်” လို့ ဆရာတော်နဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆရာတော်ကို မန္တလေးမြို့ အိုးဘိုထောင်မှာ ထိန်းသိမ်းထားပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ကြားရကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဟာ မူလကစစ်သားတွေ စစ်ပုန်ကန်ဖို့၊ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြစ်ဖို့ တိုက်တွန်း၊ အားပေး၊ လှုံ့ဆော်မှုတွေကို အရေးယူဖို့ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အစိုးရဝန်ထမ်းတွေ တာဝန်တ္တရားပျက်ကွက်အောင် လှုံ့ဆော်တာ၊အားပေးတာ၊ သတင်းအမှားတွေပေးတာ စတဲ့အချက်တွေ ထပ်တိုးပြင်ဆင်ခဲ့သလို အဲ့ဒီပုဒ်မအတွက် မူလပြဌာန်းထားတဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ်ကိုလည်း သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) မှာတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ငွေကြေးနဲ့ပစ္စည်းထောက်ပံ့တာ၊ လက်နက်ခဲယမ်း ထုတ်လုပ်ပေးတာ၊ လွှဲပြောင်းပေးပို့တာ၊ လက်ခံထိန်းသိမ်းပေးတာ စတဲ့ကိစ္စတွေကို တားမြစ်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လူသိများထင်ရှားတဲ့ ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို မန္တလေးမြို့လေဆိပ်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။