အပစ်ရပ်ထားချိန် ရခိုင်ပြည်နယ် မင်းပြားမြို့မှာစစ်တပ်ကကြိုတင်အသိမပေးဘဲ ပစ်ခတ်မှုတွေလုပ်လို့ ဒေသခံတွေထိတ်လန့်

စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ နှစ်ဘက်အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ဒီကနေ့ ဒီဇင်ဘာ (၈) ရက်မနက်ပိုင်းက စစ်တပ် လေ့ကျင့်ရေး သင်တန်းကျောင်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ အချက်ပေါင်းစွာများစွာ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတွေ ကြောက်လန့်စိုးရိမ်နေကြရတယ်လို့ ပြောကြပါတယ်။

မင်းပြားမြို့က စစ်ကောင်စီတပ်ရဲ့ အမှတ် (၉) လေ့ကျင့်ရေး သင်တန်းကျောင်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်‌တွေ ပစ်ခတ်နေခဲ့တာဖြစ်ပြီး လူနေရွာတွေ အနီးဝန်းကျင် တောင်တန်းတွေဘက်ကို ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းလောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်‌တွေ အဆက်မပြတ် ပစ်ခတ်နေခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြားခဲ့ရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“သင်တန်းရှိလို့ ပစ်တာလား၊ လက်နက်စမ်းတာလား မသိဘူး၊ အသံကတော့ ကျယ်တယ်၊ ၈၀ မမ၊ ၁၀၀ မမ လောက်ရှိမယ် ထင်တယ်၊ ဒါပေမယ့် အနီးက ရွာသားတွေကို ကြိုပြောထားတာမရှိဘူး၊ ပစ်သံကြားမှပဲ အကုန်လုံး လန့်ဖြန့်ကုန်ကြတာ၊ အဲဒီတောင်တွေပေါ်မှာ လူတွေရှိနေခဲ့ရင် အကုန်သေကြရမှာ” လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။

အခုလို အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း ပြည်သူတွေကို ကြိုတင်သတိပေးတာမျိုးမရှိဘဲ လက်နက်ကြီးတွေ ပစ်ခတ်တာဟာ စစ်ကောင်စီတပ်က ပြည်သူတွေကို ဂရုမစိုက်ဘဲ တိုက်ပွဲစိန်ခေါ်တဲ့သဘော ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ကြပါတယ်။

အရင်တုန်းက အဲဒီလို ပစ်ခတ်၊ လေ့ကျင့်မှုတွေ လုပ်မယ်ဆိုရင် အနီးတဝိုက်က ရွာတွေကို အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် စာထုတ်၊ အကြောင်းကြားခဲ့တာ ရှိတယ်လို့ ဆိုကြပါတယ်။

“အပစ်ရပ်ထားတယ်ဆိုတာကို သူတို့ရိက္ခာဖြည့်ဖို့၊ လက်နက်အင်အားဖြည့်ဖို့ လေ့ကျင့်ဖို့အတွက်ပါပဲ၊ ပြည်သူတွေအတွက် မပါဘူး” လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

မင်းပြားမြို့နယ်ဟာ တိုက်ပွဲကာလအတွင်း နှစ်ဘက်လက်နက်ကိုင်တပ်တွေ တိုက်ပွဲ‌အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်ကနေစလို့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အလွတ်သဘော အပစ်အခတ် ရပ်စဲခဲ့ကြတာပါ။

အဲဒီလို အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ သူတို့ရဲ့ တပ်ရင်း၊ တပ်စခန်းတွေဆီကို လက်နက်၊ ရိက္ခာတွေနဲ့ စစ်သားတွေကို နေ့စဉ်ရက်ဆက် ဖြည့်တင်းနေခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့နေရတဲ့ ဒေသခံတွေက ပြောကြပါတယ်။

Delta News

Read Previous

စက်သုံးဆီစျေးဆက်တိုက်ကျလို့ဆီဆိုင်တွေလက်ကျန်ဆီနည်းအောင်ထိုးရောင်းနေရ

Read Next

မန္တလေးက ချင်းဘာသာရေးခေါင်းဆောင်တဦးကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ဆယ် ကျော်ချမှတ်