မန္တလေးက LGBT အရေးဆောင်ရွက်သူ စူးရှရှင်းသန့်ကို စစ်အုပ်စုတရားရုံးက ထောင် ၂၅ နှစ်ချ

မန္တလေးမြို့မှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေဖြစ်တဲ့ LGBT အခွင့်အရေးလှုပ်ရှားနေတဲ့ မစူးရှရှင်းသန့်ကိုစစ်ကောင်စီလက်အောက်ခံတရားရုံးက မနေ့ဒီဇင်ဘာ ၁၂ ရက်နေ့က ထောင်ဒဏ်၂၂ နှစ်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့ နီးစပ်သူတွေက DNA ကိုအတည်ပြုပြောပါတယ်။

 

အခုနှစ်အစောပိုင်းမှာလည်း မန္တလေးအိုးလိုထောင်တွင်းတရားရုံးက မစူးရှရှင့်သန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီးဖြစ်လို့ စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ်အထိချမှတ်ခံထားရတာပဲဖြစ်ပါတယ်။

 

” အကြမ်းဖက်မှုနဲ့ စွဲတဲ့ပြစ်မှုအတွက်ဆိုရင် ဒါဟာအမြင့်ဆုံးပြစ်ဒဏ်ပါ။ တချို့ ၅ နှစ်လောက်ချတဲ့ အမှုမျိုးရှိဖူးတယ်။ ကိုယ်ဖက်ကဘယ်လိုပဲ အပြစ်မရှိအောင် သက်သေပြနေပါစေ လွတ်ဖို့မမြင်ပါဘူး။ အခုလိုထောင်ဒဏ်တွေပဲကျလေ့ရှိတယ်’’ လို့   တရားရေးနဲ့ နီးစပ်သူ တဦးက DNA ကိုပြောပါတယ်။

 

မစူးရှရှင်းသန့်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ၂ရက်နေ့က သူစီးလာတဲ့ဆိုင်ကယ်ကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေက ကားနဲ့တိုက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီးနောက်ပိုင်းအကြမ်းဖက်မှုပုဒ်မတွေနဲ့ စွပ်စွဲထောင်ချလိုက်တာလို့ နီးစပ်သူတွေကဆိုပါတယ်။

 

 

ဒါ့အပြင် မစူးရှရှင်းသန့်ဟာ ဖမ်းဆီးခံရချိန်မှာလည်း ရိုက်နှက်ခံရသလို စစ်ကြောရေးမှာလည်းရိုက်နှက်စစ်ဆေးမေးမြန်းခံရခဲ့တဲ့အကြောင်း ပြန်လည်လွတ်မြောက်လာသူတွေက ပြောဆိုထားပါတယ်။

LGBT အခွင့်အရေးလှုပ်ရှားနေတဲ့ မစူးရှရှင်းသန့်ကို ခရိုင်တရားရုံးက တရားသူကြီး ဦးဌေးအောင်က အခုလို ထောင်ဒဏ်နှစ်ရှည်ချလိုက်တာလို့လည်း တရားရုံးနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

လက်ရှိ မန္တလေးက ခရိုင်တရားရုံးတွေမှာတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတယ်လို့လည်းဆက်သိရပါတယ်။