မန္တလေးမြို့မှာ စစ်ကောင်စီထောက်ပို့ယာဉ်တွေမိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ပတ်အတွင်း ခုနှစ်ဦးသေ

ဒီကနေ့ အောက်တိုဘာလ ၂၃ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ ထုံးဘို မင်္ဂလာတံတားအနီး စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-GZP က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မန္တလေး ထုံးဘို မင်္ဂလာတံတားအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးလောက် လိုက်ပါလာတဲ့ ဖောကားတစ်စီးကို မန္တလေး-ပ.က.ဖ နဲ့ ပုသိမ်ကြီးမြို့ ပ.က.ဖ နှစ်ဖွဲ့ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက် ခဲ့တာကြောင့် ကားပေါ်ကနေ လေးဦးပြုတ်ကျသေဆုံးပြီးဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သူတို့က တစ်နေ့ကို သုံး ၊ လေး စီးလောက်တော့ဖြတ်နေတာဗျ။ ဒီနေ့ ဖောကားက ပြင်ဦးဘက်ကနေ ဆင်းလာတဲ့ကားပါ ။ မန္တလေးကို စစ်အင်အား ဖြည့်ဖို့ရောက်လာတယ်လို့ ခန့်မှန်းရပါတယ် အတိအကျတော့ ပြောလို့မရနိုင်သေးပါဘူး ” လို့ မန္တလေး-ပ.က.ဖ (GZP) ရဲ့အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။
ဖက်ဆစ်စစ်တပ် မပြုတ်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဖက်ဆစ်စစ်တပ်ကို အားပေးထောက်ခံကာ သူတို့ ထောက်တိုင်တွေကို ခိုင်ခံ့အောင် လုပ်နေတဲ့လူပုဂ္ဂိုလ်တွေ ၊ အဖွဲ့အစည်းတွေကိုလဲ ချေမှုန်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာလ ၂၀ရက်နေ့ကလည်း မန္တလေးတိုင်း မတ္တရာမြို့နယ်အနီးက ကြာနီကန်နဲ့ ထီးတော်မိုးကျေးရွာအကြား ချောက်ဖျားပေါက်တံတားအနီးမှာ စစ်ကောင်စီထောက်ပို့ယာဉ်တန်း သုံးစီးကို မန္တလေး ပ.က.ဖ နဲ့ ပုသိမ်ကြီး ပ.က.ဖ တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးခဲ့တယ်လို့ GZP အဖွဲ့ဆီက သိရပါတယ်။