မအူပင်မှာ ရိုဟင်ဂျာအယောက် ငါးဆယ်ကျော်လိုက်ပါလာတဲ့ လှေတစ်စီးကို ဖမ်းမိ

Photo – CJ
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ၂၂ ရက်နေ့က တိုးမြစ်အတွင်း မောင်းလာတဲ့ စက်လှေတစ်စီးပေါ်ကနေ လှေလုပ်သားတွေ အပါအဝင် ရိုဟင်ဂျာ ၅၈ ဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့ ဝင်တစ်ဦးက DNA ကို ပြောပါတယ်။
“တိုးမြစ်ကြောင်းအတိုင်း မောင်းလာတဲ့ စက်လှေကို တားပြီး စစ်ဆေးတာမှာ မထင်မှတ်ပဲ ဖမ်းမိတာပါ” လို့ ဆိုပါတယ်။
အဲဒီစက်လှေဟာ မနေ့က မနက်ပိုင်းမှာ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲဒုံးရွာနဲ့ အောက်ထုံး ကျေးရွာအကြား တိုးမြစ်တလျောက် မောင်းနှင်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရိုဟင်ဂျာ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ကလေး ၄ဦးနဲ့ စက်လှေမောင်းတဲ့လုပ်သား ၄ ဦး စုစုပေါင်း ၅၈ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း ပါဝင်တယ်လို့ ဧရာဝတီ မြန်မာမွတ်ဆလင်လူမှုအဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
သူတို့ဟာ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် ၊ မောင်တော ဒေသမှာနေထိုင်သူတွေ ဖြစ်ပြီး “သူတို့က ရခိုင်ပြည်နယ်ထဲ မှာမွေးတဲ့သူတွေပါ ရခိုင်ဘက်မှာက အလုပ်အကိုင် အခွင့်အလမ်းနည်းတယ် နေရေးရော ရှင်ရေးရော ခက်ခဲတယ်” လို့ ဒေသခံ မွတ်ဆလင် လူငယ်အဖွဲ့ဝင် တစ်ဦးကလည်း ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီရိုဟင်ဂျာတွေကို မအူပင်မြို့နယ် ရွှေတောင်မှော်ရွာနယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ရေလမ်း ၊ ကုန်းလမ်း တစ်ဆက်စပ်တည်း ရှိနေပြီး ၂၀၂၂ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းဘက်ကို နယ်မြေဖြတ်ကျော် လာတဲ့ ရိုဟင်ဂျာ ၆၀၀ နီးပါးကို ဖမ်းမိခဲ့ပြီး ၁၅၀ ကျော်ကို လဝက ပုဒ်မ နဲ့ ထောင် ၂ နှစ်စီချထားပြီး ဖြစ်တယ်လို့ ဒေသတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။