ဆန္ဒပြသူ တစ်ဦးကို လူမြင်ကွင်းမှာ အီရန် ကြိုးပေးကွပ်မျက်

ပြည်တွင်းက ဆန္ဒပြမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးကို အီရန် အစိုးရက လူမြင်ကွင်းမှာ ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။

 

အီရန် အာဏာပိုင်တွေက သူတို့ဟာ အသက် ၂၃ နှစ်အရွယ် မာဂျစ်ရက်ဇာ ရာနာဗက်ဒ်ကို မက်ရှ်ဟက်ဒ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက် မနက်အစောပိုင်းက ကွပ်မျက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အီရန် တရားရေး ဌာနက ရာနာဗက်ဒ်ဟာ ဘုရားသခင်ကိုရဲ့ အလိုတော်ကို ဆန့်ကျင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ် စီရင်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

 

ရာနာဗက်ဒ်ဟာ ဖမ်းဆီးခံရပြီး ၂၃ ရက် အကြာမှာတင် ကွပ်မျက် ခံခဲ့ရတာ ဖြစ်ပါတယ်။ အီရန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားသူတွေကို ဖမ်းဆီးပြီးတဲ့နောက် တိကျမှန်ကန်တဲ့ တရားစီရင် ဆုံးဖြတ်မှု မရှိဘဲ လက်လွတ်စပယ် သေဒဏ်ပေးတာတွေ ပိုများလာနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

 

အီရန် အစိုးရက ဆန္ဒပြသူတွေကို ဆူပူနှောင့်ယှက်တဲ့ အဖျက်သမားတွေအဖြစ် စွပ်စွဲပြီး ညှာတာနေမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။ ရာနာဗက်ဒ်ကို ကွပ်မျက်ခြင်းက အီရန် အစိုးရဟာ အာဏာမြဲဖို့အတွက် အကြမ်းတမ်း၊ အရက်စက်ဆုံး နည်းလမ်းတွေကို အနှောင့်အနှေးမရှိ အသုံးပြုနေမယ် ဆိုတာ ပိုပြီး ထင်ရှားစေခဲ့ပါတယ်။ ရာနာဗက်ဒ် ကွပ်မျက်ခံရတာကို အာဏာပိုင်တွေက ကိစ္စမပြီးခင် သူ့မိခင်ကိုတောင် ကြိုအသိမပေးခဲ့ပါဘူး။

 

ရာနာဗက်ဒ်ဟာ အီရန်က ဆန္ဒပြသူတွေထဲမှာ ဒုတိယမြောက် ကွပ်မျက်ခံရသူ ဖြစ်ပါတယ်။ သူ့ကို ကရိန်းတစ်ခုမှာ ချိတ်ဆွဲလျက်သား ကြိုးပေးစီရင်ခဲ့ပြီး အောက်မှာ လူတွေ ဝိုင်းကြည့်နေတဲ့ မှတ်တမ်းဓာတ်ပုံ တချို့လည်း လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာပါတယ်။ အီရန်အရေး စောင့်ကြည့် လေ့လာသူတွေကတော့ အာဏာပိုင်တွေက ဆန္ဒပြသူတွေကို အကြောက်တရား ထည့်သွင်းပေးဖို့အတွက် အဆုံးစွန်သော ယုတ်မာရက်စက်မှုတွေကို မြိန်ရည်ယှက်ရည် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

 

အီရန် အာဏာပိုင်တွေက ရာနာဗက်ဒ်ဟာ နိုဝင်ဘာ ၁၇ ရက်တုန်းက မက်ရှ်ဟက်ဒ်မြို့မှာ ဘာဆစ်ဂျ် စွမ်းအားရှင် အဖွဲ့ဝင် နှစ်ဦးကို ဓားနဲ့ထိုးခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဘာဆစ်ဂျ်တွေဟာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွင်းရာမှာ ရဲတွေကို ကူညီလေ့ရှိတဲ့ စေတနာ့ဝန်ထမ်း နာမည်ခံ အစိုးရ အလိုတော်ရိ အင်အားစုတွေ ဖြစ်ပါတယ်။

 

နော်ဝေးနိုင်ငံ အခြေစိုက် အီရန် လူ့အခွင့်အရေး အဖွဲ့ကတော့ ရာနာဗက်ဒ်ဟာ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် အပြစ်ဝန်ခံ ခဲ့ရတာသာဖြစ်ပြီး သူ့ကို စစ်ဆေးတဲ့ တရားခွင်ကလည်း မျှတမှု လုံးဝ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စတွေသာ ရှေ့ဆက် လည်ပတ်နေမယ်ဆိုရင် အဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေကို အစုလိုက် အပြုံလိုက် ကွပ်မျက်တာတွေ ရှိလာလိမ့်မယ်လို့လည်း အဲဒီ အဖွဲ့က ပြောပါတယ်။

 

အီရန်မှာ ဘာသာရေး ရဲတွေရဲ့ ကိုင်တွယ်စစ်ဆေးပုံ ကြမ်းတမ်းမှုကြောင့် အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တဲ့နောက် စက်တင်ဘာ လကစပြီး နိုင်ငံအနှံ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ ဘာသာရေးကို အခြေပြု အုပ်ချုပ်တဲ့ အီရန် အစိုးရ အတွက်တော့ ၁၉၇၉ ခုနှစ်၊ အစ္စလာမ်မစ် တော်လှန်ရေးအပြီး အကြီးကျယ်ဆုံး နိုင်ငံရေး စိန်ခေါ်မှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။