ယီမင်ကို ဦးတည်တဲ့ လှေတစ်စီးပေါ်က သေနတ် ၂၀၀၀ ကျော် အမေရိကန်ရေတပ် သိမ်းဆည်း

အီရန်ကနေ ယီမင်နိုင်ငံကို လက်နက်တွေ အလုံးအရင်း တင်ပို့ဖို့ ကြိုးစားခဲ့တဲ့ မှောင်ခိုလှေ တစ်စီးကို အမေရိကန် ရေတပ်က ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အမေရိကန် ရေတပ်က အဲဒီလှေပေါ်ကနေ ချေမှုန်းရေး ရိုင်ဖယ် အလက် ၂၀၀၀ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာပါတယ်။ အဲဒီ လက်နက်တွေဟာ ယီမင်မှာ လှုပ်ရှားနေတဲ့ ဟိုသီ သူပုန်တွေကို အီရန်က ထောက်ပံ့ပေးပို့ခဲ့တာလို့ ယုံကြည်ရပါတယ်။

အိုမန် ပင်လယ်ကွေ့ထဲမှာ မသင်္ကာစရာ လှေတစ်စီးကို တွေ့ရှိခဲ့တဲ့နောက် USS Chinook ကင်းလှည့်ရေယာဉ်က စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့ တစ်ခုကို လှေပေါ် စေလွှတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက်က မစ်ရှင်ကို ရေတပ်ရဲ့ USS Monsoonနဲ့ USS The Sullivans စစ်ရေယာဉ်တွေက ဝိုင်းဝန်း ပံ့ပိုးခဲ့ကြပါတယ်။

အမေရိကန် ရေတပ်ဟာ ချေမှုန်းရေးရိုင်ဖယ် ၂၁၁၆ လက်ကို သိမ်းဆည်းမိခဲ့တဲ့နောက် ယီမင်နိုင်ငံသား ရေယာဉ် အမှုထမ်းတွေကိုပါ ထိန်းသိမ်းထားလိုက်ကြောင်း သိရပါတယ်။

ဒါဟာ နိုဝင်ဘာလနောက်ပိုင်း ငါးဖမ်းလှေယောင် ဆောင်ပြီး ယီမင်ကို လက်နက်တွေ ခိုးသွင်းဖို့ ကြိုးစားတဲ့ ရေယာဉ်တွေကို တတိယ အကြိမ်မြောက်အဖြစ် ဖော်ထုတ် ဖမ်းဆီးနိုင်တာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာတုန်းကလည်း စနက်တံတွေ၊ ပခုံးထမ်း ဒုံးကျည်တွေနဲ့ ခဲယမ်းမီးကျောက် တန်ချိန် ၅၀ ကျော်လောက်ကို အမေရိကန် ရေတပ်က ကြားဖြတ် သိမ်းယူနိုင်ခဲ့ဖူးပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ဟာ ယီမင်မှာ လှုပ်ရှားနေတဲ့ ဟိုသီ သူပုန်တွေဆီ လက်နက်တွေ တင်ပို့တာ၊ ရောင်းချတာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လုပ်ဆောင်တာ မှန်သမျှကို တားမြစ် ပိတ်ပင်ထားကြောင်း သိရပါတယ်။