ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ဖြိုခွင်းခဲ့တာ ဒီကနေ့ ဆိုရင်တနှစ်တိတိပြည့်ပါပြီ။
အဲဒီနေ့မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သပိတ်မှာပါဝင်တဲ့လူငယ်တချို့ကျဆုံးခဲ့ရသလို တချို့ကိုတော့စစ်ကောင်စီကဒီကနေ့အထိဖမ်းဆီးထောင်ချထားတယ်လို့တော်လှန်ရေးအင်အားစုကလူငယ်တွေက တနှစ်ပြည့်တဲ့ ဒီကနေ့မှာထုတ်ပြန်လာပါတယ်။
ဆန္ဒပြလူငယ်တွေရဲ့ သွေးမြေကျခဲ့ရတဲ့ ပန်းပင်ကြီးလမ်းကို တော်လှန်ရေးအင်အားစုကလူငယ်တွေက ပန်းပင်နီလမ်းလို့ ပြောင်းလဲသတ်မှတ်ခေါ်ဆောင်ဖို့ တောင်းဆိုခဲ့ကြသလို ဒီကနေ့မှာလည်း လုံးဝအုပ်ခွင့်မပေးနိုင်ဆိုတဲ့ သံဓိဌာန်နဲ့ ပန်းပင်နီတစ်နှစ်ပြည့် လူထုလှုပ်ရှားမှုတစ်ရပ်ကို တော်လှန်ရေးအင်အားစုတွေက လုပ်ခဲ့ကြပါတယ်။
ဒီကနေ့လှုပ်ရှားမှုကိုတော့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ UG supporter group, စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Yangon Drone စတဲ့အဖွဲ့တွေနဲ့ လူမှုကွန်ရက်သုံးစွဲတဲ့ ပြည်သူတချို့ပါဝင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားကြပါတယ်။