ကလေးမြို့မှာ စစ်တပ်က ဖမ်းမိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

ကလေးမြို့အနောက်ပိုင်း ၊ ဒိုးဝိုင်းချောင်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်က အရှင်ဖမ်းမိတဲ့ ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို နေရာမှာတင်သတ်ဖြတ်ပြီး အလောင်းကိုလည်း ယူသွားတယ်လို့ ကလေး မြို့အခြေစိုက် ကာကွယ်ရေး အင်အားစုတွေဆီကသိ ရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ လူငယ်အမျိုးသားနှစ်ဦးဟာ ဒီဇင်ဘာ (၄) ရက်က ဆိုင်ကယ်စီးလာချိန် စီကောင်စီ စစ်ဆေးရေးအဖွဲ့နဲ့တွေ့ပြီး စစ်ဆေးဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

“သေနတ်သံကြားလိုက်တယ်၊ ကလေးတွေက ထွက်ပြေးတာမဟုတ်ပါဘူး၊ တမင်သတ်တာပါ၊ ကလေးနှစ်ယောက်ကို သူတို့စစ်ဆေးနေတာ မြင်တဲ့သူ လေးငါးယောက်လောက်ရှိပါတယ်” လို့ ဒိုင်းဝိုင်းချောင်းဘက်မှာ နေထိုင်တဲ့ပြည်သူတဦးက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ အဲ့ဒီလူငယ်နှစ်ဦးဟာ စစ်ဆေးနေချိန်မှာ ထွက်ပြေးလို့ အသေပစ်ခတ်ဖမ်းဆီးတယ်လို့ ဖော်ပြထားပြီး သေဆုံးသူနှစ်ဦးဆီက ပစ္စည်တိုတလက်နဲ့ ကျည်တချို့ ရှာဖွေတွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာကို DNA က စုံစမ်းမေးမြန်း အတည်ပြုနိုင်ပေမယ့် ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာ မသိရသေးသလို သူတို့ဆီက လက်နက်တွေ့တယ်ဆိုတဲ့အချက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီဟာ ကလေးမြို့အနောက်ပိုင်းမှာ စစ်ဆေးရေးတင်းကျပ်နေပြီး လူငယ်မှန်သမျှကို စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကလေးမြို့ အနောက်ပိုင်း မြို့လှရပ်ကွက်ထဲကို စစ်ကောင်စီတပ် တွေ ဝင်လာပြီး တအိမ်တက်ဆင်း ရှာဖွေစစ်ဆေးတာတွေ လုပ်တဲ့အပြင် ကလေးသူငယ်တွေအပါအဝင် ဆယ့်ငါးဦးကို တနာရီကျော်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။