ကလေးမြို့နယ်တောင်ပိုင်း မှန်တောကျေးရွာမှာ လင်မယားနှစ်ဦးသတ်ဖြတ်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း၊ မှန်တောကျေးရွာက ရွာခံလင်မယားနှစ်ဦးကို ဖေဖော်ဝါရီ ၈ ရက် ညပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တခုကက သတ်ဖြတ်ပြီး အိမ်နဲ့ရုပ်အလောင်းတွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 “မနက်က သွားကြည့်ကြတယ်၊အလောင်းတွေက ကောင်းကောင်းမလောင်ဘူး၊ နှစ်ယောက်လုံး လက်ပြန် ကြိုး တုတ်ထားတာ”လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီလင်မယားနှစ်ဦးဟာ လက်ထပ်ထားတာတနှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး ဘယ်အဖွဲ့တွေက ဘာကြောင့် အခုလို သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ ဒေသခံတွေကိုယ်တိုင်မသိကြပါဘူး။

သတ်ဖြတ်ခံရတဲ့ လင်မယားနှစ်ဦးအနက် ဇနီးဖြစ်သူဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းယောဒေသ အစပ် ရှားဖိုရွာ ကဖြစ်ပြီး မှန်တောရွာသား အမျိုးသားရဲ့အိမ်မှာ နေထိုင်ကြရင်း အခုလိုသတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါ တယ်။

အဲ့ဒီလင်မယားနှစ်ဦးသတ်ဖြတ်ခံရတဲ့ မနေ့ကညပိုင်းက မှန်တောရွာတောင်ဘက် ကြံသာရွာ၊ မြောက်ဘက် မဏီ ပူတံတားစစ်ကောင်စီစခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မှန်တောကျေးရွာဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ကြံသာ၊ဟံသာဝတီ၊ကုက္ကားစတဲ့ရွာတွေက  ပျူ စောထီးတွေရဲ့အန္တရာယ်ကြောင့်ရွာလုံးကျွတ်တိမ်းရှောင်နေခဲ့ကြရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသတွင်း ပျူစောထီးတွေဟာ မှန်တောရွာနေအိမ်တွေက သနပ်ခါးကျောက်ပြင်နဲ့တံမျက်စီးတွေပါ မကျန်လု ယက်ခိုးယူခဲ့ကြတဲ့အပြင် စကားမပြောတတ်သူအပါအဝင် မှန်တောရွာက ပြည်သူသုံးဦးကို လည်းသတ်ဖြတ် ခဲ့ကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အခြေအနေအနည်းငယ်ငြိမ်သက်လာတာကြောင့် မှန်တောရွာကနေရှောင်နေကြတဲ့ မိသားစုဆယ်စုလောက်ရွာထဲမှာပြန်နေကြတယ်ဖြစ်တယ်လို့လည်းသိရပါတယ်။ မှန်တောရွာကနေ တိမ်းရှောင် သွားကြသူအများစုကတော့လက်ရှိအချိန်အထိ  ရွာကို လုံးဝပြန်မလာကြတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

မှန်တောကျေးရွာဟာ ကလေးမြို့နယ်တောင်ပိုင်း အစွန်ဆုံး ဂန့်ဂေါ – ကလေး ကားလမ်းမကြီးဘေးမှာတည်ရှိပြီး အိမ်ခြေနှစ်ရာကျော်ရှိ ချင်းလူမျိုးတွေနေထိုင်တဲ့ရွာဖြစ်တယ်လို့သိရပါတယ်။