ဟောလိုဝင်း ဖြစ်စဉ်အတွက် ပြည်ထဲရေး ဝန်ကြီးကို စွပ်စွဲပြစ်တင်ကြောင်း တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ဟောလိုဝင်းကာလ အစုအပြုံလိုက် လူတိုးဝှေ့မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးကို တရားဝင် စွပ်စွဲပြစ်တင် ရှုတ်ချဖို့ ဥပဒေပြု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

 ဖေဖော်ဝါရီ ၈ ရက်က ကိုယ်စားလှယ် ၃၀၀ စုဖွဲ့ထားတဲ့ လွှတ်တော် မဲခွဲမှုမှာ ပြည်ထဲရေး ဝန်ကြီး လီဆန်မင်ကို တရားဝင် စွပ်စွဲပြစ်တင်သင့်ကြောင်း အဆိုက ၁၇၉ – ၁၀၉ ဆိုတဲ့ မဲအရေအတွက်နဲ့ အသာရခဲ့တာပါ။ အတိုက်အခံ ဒီမိုကရက် ပါတီက ၁၆၉ နေရာ ထိန်းချုပ်ထားတဲ့ ဥပဒေပြု လွှတ်တော်မှာ အဆိုအောင်မြင်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၁၅၀ ကျော် ရရှိဖို့က သိပ်ပြီး မခက်ခဲခဲ့ပါဘူး။

 ပြည်ထဲရေးဝန်ကြီး လီဟာ ဟောလိုဝင်းကာလ အစုလိုက်အပြုံလိုက် သေဆုံးမှုအပြီး သူ့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ တခြား အဖွဲ့အစည်းတွေရဲ့ ဖြစ်ကတတ်ဆန်း၊ ဝတ်ကျေတန်းကျေ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် တာဝန်ယူသင့်ကြောင်း အပြင်းအထန် ဝေဖန် ခံနေရသူပါ။

အောက်တိုဘာ ၂၉ ရက်က ဆိုးလ်မြို့တော်ရဲ့ လူစည်ကားရာ အီထယ်ဝန် ရပ်ကွက်ထဲက ကျဉ်းမြောင်းတဲ့ လမ်းကြား တစ်နေရာမှာ ဟောလိုဝင်းပါတီ ဆင်နွှဲသူတွေ စုပြုံတိုးဝှေ့ကြရာက လူငယ် အများစု အပါအဝင် ၁၅၉ ဦးသေပြီး ၁၉၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ အချင်းချင်း တက်နင်းခံရတာ၊ အသက်ရှူ မွန်းကျပ်တာတွေကြောင့် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ခဲ့ကြရတာပါ။

 ဒီဖြစ်ရပ်ဆိုးကြီး ပေါ်မလာခင် ကတည်းက ဆိုးလ်ရဲတပ်ဖွဲ့ဟာ အဲဒီနေရာမှာ စိုးရိမ်စရာ ကောင်းလောက်အောင် လူတွေ ထူထပ်နေတယ်ဆိုတဲ့ သတင်းပေးမှု တော်တော်များများကို လက်ခံ ရရှိပေမယ့် လုံလောက်တဲ့ တုံ့ပြန် ဆောင်ရွက်မှုမျိုး မရှိခဲ့ပါဘူး။ ဖြစ်စဉ် အပြီး အစောပိုင်းမှာလည်း ပြဿနာက အရမ်း မကြီးကျယ်လောက်ဘူးဆိုတဲ့ အထင်နဲ့ ရဲတပ်ဖွဲ့က လျော့တိလျော့ရဲသာ တုံ့ပြန်ခဲ့တယ်လို့ ထိခိုက်နစ်နာသူတွေက စွပ်စွဲပါတယ်။

 သူကိုယ်တိုင်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံလာရတဲ့နောက် လုပ်ထုံးလုပ်နည်းဆိုင်ရာ လစ်ဟာချက်တွေ ရှိခဲ့တဲ့အပေါ် လီက ဝန်ချ တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ အလားတူ ဖြစ်ရပ်တွေ ထပ်မကြုံဖို့ အစီအမံတွေ အကောင်အထည် ဖော်သွားမယ်လို့ ဝန်ကြီးက ကတိပြုခဲ့ပါတယ်။

 အခုအခါမှာတော့ လီကို တရားဝင် စွပ်စွဲပြစ်တင်ဖို့အဆို အောင်မြင်သွားပြီ ဖြစ်တဲ့အတွက် နောက်တစ်ဆင့် အနေနဲ့ လွှတ်တော်ရဲ့ တရားရေး ကော်မတီက အဆိုကို ပြန်လည် စိစစ်သုံးသပ်ပြီး အခြေခံ ဥပဒေ ခုံရုံးဆီ ထပ်ဆင့် လွှဲအပ်ပေးဖို့ သင့်မသင့် ဆုံးဖြတ်သွားမှာပါ။ ဒီလုပ်ငန်းစဉ်ဟာ ၆ လလောက် ကြာမြင့်ဖွယ် ရှိပါတယ်။ အတိုက်အခံတွေကတော့ လီကို အခုကိစ္စအတွက် တာဝန်ယူပြီး နုတ်ထွက်ဖို့ တရစပ် ဖိအားပေးနေကြပါတယ်။

 သမ္မတ ယွန်ဆွတ်ခ်ယိုက လီကို ထုတ်ပယ်ပေးဖို့ အတိုက်အခံ ပါတီတွေရဲ့ ဖိအားပေးမှုကို ပယ်ချထားပြီး လီကို တရားဝင် စွပ်စွဲပြစ်တင်ဖို့ အဆိုတင်ခဲ့တာကလည်း ဥပဒေပြု လွှတ်တော်မှာ ဒီမိုကရက်တွေက သူတို့ရဲ့ အင်အားသာလွန်မှုကို အမြတ်ထုတ် အသုံးချခဲ့တာလို့ တုံ့ပြန် စွပ်စွဲထားပါတယ်။

 ဒီအတောအတွင်း ဆိုးလ်မြို့တော် အုပ်ချုပ်ရေး အဖွဲ့နဲ့ ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအကြား တင်းမာမှုတွေလည်း မြင့်တက်လာပါတယ်။ အကြောင်းကတော့ မိသားစုဝင်တွေက ဆိုးလ် မြို့တော်ခန်းမရှေ့မှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရဘဲ လွမ်းသူ့အထိမ်းအမှတ် နေရာတစ်ခုကို သတ်မှတ် တည်ဆောက်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက အဲဒီနေရာ ထားရှိတာဟာ ဥပဒေတွေနဲ့ မညီညွတ်တာကြောင့် တစ်ပတ်အတွင်း ဖယ်ရှားဖို့ သတိပေးခဲ့ရာကနေ အခြေအနေတွေ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

 လွှတ်တော် တရားရေး ကော်မတီက လီအပေါ် တရားဝင် စွပ်စွဲပြစ်တင်မှုကို ဆက်လက် အတည်ပြုပြီး အခြေခံ ဥပဒေ ခုံရုံးဆီ ထောက်ခံ ပေးပို့ခဲ့မယဆိုရင် ဝန်ကြီးဟာ ရာထူးက ဖယ်ရှားခံရတဲ့ထိ နောက်ဆက်တွဲ အခြေအနေမျိုး ကြုံလာနိုင်ပါတယ်။ ဥပမာ အနေနဲ့ ၂၀၁၇ တုန်းက အဂတိ လိုက်စားမှုတွေအတွက် နာမည်ပျက်ခဲ့တဲ့ သမ္မတ ပက်ခ်ဂွမ်ဟေးဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ တရားဝင် စွပ်စွဲပြစ်တင် ခံရပြီး ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် မှတ်တမ်း ဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၁၄ တုန်းကတော့ သမ္မတ ရိုမွန်ဟွန်အပေါ် စွပ်စွဲပြစ်တင်မှုတွေကို ခုံရုံးက ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။