နိုင်ငံကူးလက်မှတ်အတွက် QR စနစ်နဲ့ ရက်ချိန်းရယူနိုင်တဲ့ အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့မှာ နိုင်ငံကူးလက်မှတ်အတွက် QR ကုတ်စနစ်နဲ့ ရက်ချိန်းရယူနိုင်တဲ့အစီအစဉ်ကိုဒီကနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီဇင်ဘာ ၄ ရက် မနေ့ကညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ဖို့အတွက် Online ကနေ ရက်ချိန်းရယူတဲ့ QR စနစ်ကို အခုနှစ် မတ်လ ၂၁ ရက်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ရက်ချိန်းရဖို့အတွက် မည်သူမဆို ကိုယ်တိုင် ပိတ်ရက်မရှိ ၂၄ နာရီလုံး လျှောက်ထားနိုင်ဖို့ online booking စနစ်ကို ပြင်ဆင်ရေးဆွဲနေလို့ QR ကုတ်စနစ်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံကူးလက်မှတ်ရုံးက စနစ်ကို ယာယီပိတ်ထားလိုက်ပေမယ့် ကုတ်ရထားပြီးသား လျှောက်ထားသူတွေအနေနဲ့ ရရှိထားတဲ့ရက်စွဲအတိုင်း ရုံးကိုသွားရောက် လုပ်ဆောင်နိုင်တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ တဆက်တည်း ဖော်ပြထားပါတယ်။

“(QR)ကုတ်ရပြီးသားတွေက ဝင်လို့ရတယ်၊ အပြင်မှာတော့ ရဖို့ဘယ်လောက်ကြာတယ်မသိဘူး၊ ပွဲစားနဲ့အပ် တာတော့ နှစ်ပတ်လောက်ကြာတယ်၊ လောလောဆယ် ကိုယ့်နာမည်နဲ့ကျတဲ့ QR ကိုပဲပေးဝင်တယ်၊ အစားထိုးဘာညာကတော့ မရဘူး” လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတဦးက DNA ကိုပြောပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ဖို့အတွက် ကိုယ်တိုင်အစအဆုံးလျှောက်ယူပါက QR ရဖို့အတွက် အချိန်ပို ကြာအောင်စောင့်ရပြီး ကုန်ကျမှုတော့ ကျပ်လေးသောင်းဝန်းကျင်သာရှိပါတယ်။ပွဲစားကနေတဆင့်လုပ်ရင်တော့ မြန်မြန်ရနိုင်ပြီး ကျပ်လေးသိန်းဝန်းကျင်အထိကုန်ကျတယ်လို့ နိုင်ငံကူးလက်မှတ်လုပ်နေသူတွေက ပြောပါတယ်။

“ပွဲစားနဲ့လုပ်တာနဲ့ရိုးရိုးလုပ်တာ တကယ်တော့ ဘာမှမကွာဘူး၊ ပွဲစားနဲ့လုပ်တဲ့သူက ဖောင်ဖြည့်ပေးတယ် ချလံ ပိုက်ဆံသွင်းတဲ့နေရာမှာ သူတို့ကိုယ်တိုင်လုပ်ပေးတယ်၊ ဓာတ်ပုံရိုက်တဲ့နေရာမှာ ပွဲစားတွေကလိုက်လုပ်ပေးတယ်၊ ကျန်တာတွေကတော့ ရိုးရိုးလုပ်တဲ့သူနဲ့ ထူးမခြားနားပါပဲ” လို့ ကိုယ်တိုင် နိုင်ငံကူးလက်မှတ်လျှောက်ခဲ့သူတဦးက ပြောပါတယ်။

QR စနစ်နဲ့ နေရာယူလျှောက်ထားဖို့လုပ်တဲ့နေရာမှာ ပွဲစားတွေက မိမိလူ QR အရင်ရဖို့အတွက် ရုံးကလူတွေနဲ့ ညှိနှိုင်းပြီး လုပ်နေကြတယ်လို့လည်း နိုင်ငံကူးလက်မှတ်လုပ်နေသူတွေက လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်တာ တွေရှိပါတယ်။

လက်ရှိအချိန်မှာ QR စနစ်ကို အဆင့်မြှင့်တင်ဖို့ ရပ်တန့်ထားပြီး စနစ်သစ်အသုံးပြုနိုင်မယ့်ရက်ကို ပြန်ကြေညာ မယ်လို့ ထုတ်ပြန်လိုက်တာကြောင့် နိုင်ငံကူးလက်မှတ်လုပ်လိုသူတချို့က ရန်ကုန်မှာမလုပ်တော့ဘဲ QR စနစ်နဲ့ လျှောက်စရာမလိုတဲ့ နယ်ဘက်တွေမှာ သွားလုပ်ကြဖို့ စဉ်းစားလာတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photo – ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။