သားဖြစ်သူကို ထောင်ဆယ်နှစ်ချအပြီး တလကျော်အကြာမှာ မိခင်ကိုပါ စစ်ကောင်စီက ထပ်မံဖမ်းဆီး

စစ်ကောင်စီက ထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားတဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) အဖွဲ့ဝင် ကိုဖုန်းပြည့်ပိုင်ရဲ့ မိခင်ဖြစ်သူကို နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူက DNA ကိုပြောပါတယ်။

ပဲခူးတိုင်း၊ ရွှေတောင်မြို့က အကသကျောင်းသား ကိုဖုန်းပြည့်ပိုင်ကို ပြီးခဲ့တဲ့အောက်တိုဘာ (၁၄) ရက်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်ခရိုင် တရားရုံးက အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊၅၂(က) တို့နဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့တာပါ။

အဲ့ဒီလို ချမှတ်ခဲ့အပြီး တလကျော်အကြာမှာ မိခင်ဖြစ်သူ ဒေါဆွေဆွေဝင်းကိုပါ ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ (၂) ရက်မှာ ပြည်အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။

“ကျွန်တော် သူအဖမ်းခံရတယ်ဆိုတာသိတော့ အဆင့်ဆင့် မေတ္တာရပ်ခံစာ လှမ်းပို့တယ်၊ မရပါဘူး၊ မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုလုံးဝမရှိဘူး၊ ပြည်သူတွေကို မဲမဲမြင်ရာ လိုက်ဖမ်းနေမယ်ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကို ဘယ်နည်းနဲ့မှမရောက်နိုင်ဘူး၊ ပြည်သူတွေကလဲ ယုံကြည်မှာမဟုတ်တော့ဘူး” လို့ ကိုဖုန်းပြည့်ပိုင်နဲ့မိခင်တို့ အမှုတွေအတွက် ကူညီပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန့်ဇင်ထက်က DNA ကို ပြောပါတယ်။

လက်ရှိ သိထားရတဲသတင်းအချက်အလက်တွေအရ ဒေါ်ဆွေဆွေဝင်းကို တားမြစ်ပစ္စည်း လက်ဝယ်တွေ့မှုနဲ့ ဖမ်းဆီးတယ်လို့ ကနဦးသိရပြီး အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ အခုလို မတရားဖမ်းဆီးခံရမှုကို မြန်မြန်စိစစ်ပြီး ပြန်လွှတ်ဖို့ ခရိုင်တရားရုံးအထိ အဆင့်ဆင့် မေတ္တာရပ်ခံစာတွေပေးပို့သွားမယ်လို့ ကိုသန့်ဇင်ထက်က ဆိုပါတယ်။

ကိုဖုန်းပြည့်ပိုင်ဟာ ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံရချိန်မှာ အသက် (၁၇) နှစ်သာရှိသေးပေမယ့် ၁၁ လကြာ အမှုရင်ဆိုင်ပြီးနောက် အသက် (၁၈) နှစ်ပြည့်ချိန်မှာ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာပါ။

ဖမ်းဆီးခံရချိန်မှာ အသက်မပြည့်သေးသူကို အဲ့ဒီလိုဖမ်းဆီးထောင်ချခဲ့တာကြောင့် ဝေဖန်မှုတွေရှိခဲ့သလို မိခင်ကလည်း အယူခံလွှာတွေ အဆင့်ဆင့်ဆက်တင်ဖို့ လုပ်ဆောင်နေချိန်မှာ စစ်ကောင်စီက ကိုဖုန်းပြည့်ပိုင်ရဲ့ မိခင်ကိုပါ ဆက်လက်ဖမ်းဆီး အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။