စစ်တပ် စစ်ကြောင်းဝင်ခဲ့တဲ့ ဂန့်ဂေါမြို့ ဇဟောရွာမှာ ပစ်သတ်ခံထားရတဲ့ အလောင်းတလောင်းတွေ့

ဂန့်ဂေါမြို့ အနောက်ဘက်က ဇဟောရွာကျေးရွာကို နိုဝင်ဘာ ( ၂၂) ရက်မှာ စစ်တပ်က စစ်ကြောင်းထိုး ဝင် ရောက်ခဲ့ပြီးနောက် ပြန်ထွက်သွားချိန်မှာ ပစ်သတ်ခံထားရတဲ့ ရွာခံ အမျိုးသားတဦးရဲ့ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“ခေါင်းကိုတည့်တည့်ပစ်သတ်သွားတာ၊ စပါးခင်းထဲမှာ လက်နက်ကြီးမှန်တဲ့နှစ်ယောက်ရောဆို သုံးယောက် သေတာ၊တစ်ယောက်က ဆိုင်ကယ်စီးရင်း လက်မောင်းကိုထိတာ မစိုးရိမ်ရပါဘူး၊ ရွာက ပ.က.ဖ ခေါင်းဆောင် အိမ်ကိုတော့ ထုချေဖျက်ဆီးသွားတယ်” လို့ ဇဟောရွာထဲ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့တဲ့ ဒေသခံကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

ဇဟောရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန်မှာ ရွာခံပြည်သူတွေကို ကယ်ထုတ်နေတဲ့ YDF ကတပ်ဖွဲ့ဝင် ကိုအောင်နိုင် ကျဆုံးခဲ့ရပြီး တခြားတပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ယော ဒေသကာကွယ်ရေးတပ် ဖွဲ့ တွေထဲက တခုဖြစ်တဲ့ YDF အဖွဲ့ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီရဲဘော်နှစ်ဦး ကျဆုံးတာနဲ့ပတ်သက်ပြီး YDF ထုတ်ပြန်ချက်မှာလည်း စစ်တပ်စစ်ကြောင်း ထိုးချိ န်ပစ်ခတ်မှုတွေကြောင့် စပါးရိတ်နေတဲ့ ရွာသားနှစ်ဦးနဲ့ရွာထဲမှာရှိနေတဲ့ ဒေသခံရွာသားတဦး သေဆုံး ကြောင်းထည့်သွင်း ဖော်ပြထားပါတယ်။

ဂန့်ဂေါမြို့ပေါ်မှာအခြေစိုက်ထားတဲ့ ခ.လ.ရ (၅၀) ဟာ ခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့ အနောက်ဖက် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း ဂန့်ဂေါအနောက်ဖက် ရှုံးရှီကျေးရွာ အနောက်တောင်ဘက်က မုံလည်တောရအနီးမှာ ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” သူတို့က ကျွန်မတို့ပြည်သူတွေကို ဂဏာမငြိမ်အောင် လုပ်နေတာ၊ စစ်ကြောင်းက ဘယ်ကိုလှည့် မယ်မသိတော့ အနောက်ဖက်တကြောလုံး အထုပ်ပြင်ထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇဟောရွာက ပြည်သူတွေကတော့ မနေ့က ရွာထဲပြန်လည်ဝင်ရောက်ခဲ့ကြပေမယ့် စစ်ကြောင်း အခြေအနေကို နားစွင့်ပြီး အသင့်ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။