ဂျာမနီ ပြတိုက်တစ်ခုက ယူရို တစ်သန်းခွဲကျော် တန်တဲ့ ရွှေဒင်္ဂါးတွေ ကိုးမိနစ်အတွင်း ခိုးယူခံရ

ဂျာမနီက ပြတိုက်တစ်ခုမှာ ယူရို ၁ သန်းခွဲကျော် တန်ဖိုးရှိတဲ့ ရှေးဟောင်း ရွှေဒင်္ဂါးတွေကို သူခိုးတွေက ၉ မိနစ်အတွင်း အပြီးအစီး ဖောက်ထွင်း ခိုးယူသွားခဲ့ပါတယ်။ 

အခု သီတင်းပတ် အစောပိုင်းက ဖောက်ထွင်းမှုမှာ အချက်ပေး စနစ်တွေ အသက်ဝင်မလာအောင်လည်း သူခိုးတွေက ကျော်လွှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာဗေးရီးယားက မန်ချင်း ပြတိုက်မှာ ညပိုင်းအချိန် ဝင်ရောက် ခိုးယူသွားတာဟာ စနစ်တကျ ချိတ်ဆက်ထားတဲ့ ဂိုဏ်းဖွဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လိမ့်မယ်လို့လည်း နိုဝင်ဘာ ၂၃ ရက်မှာ ရဲတွေက ပြောပါတယ်။ 

ဖောက်ထွင်းရေးသမားတွေဟာ ပြတိုက်ထဲ မဝင်ခင်မှာ အချက်ပေး စနစ်တွေကို ကြိုတင် ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ၉ မိနစ်ဆိုတဲ့ အချိန်ပိုင်းလေးအတွင်း ယူရို ၁.၆ သန်း တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးတွေကို အထုပ်အထည်နဲ့ ခိုးယူသွားနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဂျာမနီ ရဲတပ်ဖွဲ့ဟာ အရင်က ကြုံဖူးတဲ့ ဂိုဏ်းဂဏဖွဲ့ ဖောက်ထွင်းမှုတွေနဲ့ အခုဖြစ်စဉ် ဆက်စပ်နေသလား ဆိုတာကိုလည်း စုံစမ်းနေပါတယ်။ 

အခု ခိုးယူခံရတဲ့ ဆဲလ်တစ် ရွှေဒင်္ဂါးတွေကို ၁၉၉၉ ခုနှစ်တုန်းက မန်ချင်မြို့က ရှေးဟောင်း သုတေသန တူးဖော်ရေး နေရာတစ်ခုကနေ ရရှိခဲ့တာပါ။ အဲဒီတုန်းက ရွှေဒင်္ဂါး ၄၈၃ ပြားနဲ့ ရွှေတုံးတချို့ကို ရရှိခဲ့ကြောင်း ပညာရှင်တွေက ပြောပါတယ်။ 

၂၀၁၇ တုန်းက ဘာလင်မြို့က ပြတိုက်တစ်ခုမှာ ၁၀၀ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါး တော်တော်များများ ဖောက်ထွင်းခိုးယူ ခံခဲ့ရဖူးပါတယ်။ နောက် ၂ နှစ် အကြာမှာတော့ ဒရက်ဒ်ဆန်မြို့က Green Vault ပြတိုက်ကနေ စိန်ထည်နဲ့ လက်ဝတ်ရတနာပစ္စည်း ၂၁ ခုကို ဖောက်ထွင်းရေးသမားတွေက ခိုးယူသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေ အားလုံးဟာ ဆက်စပ်မှု ရှိပါတယ်လို့တော့ လက်ဆုပ်လက်ကိုင် အတည်ပြုစရာ အထောက်အထား မတွေ့သေးကြောင်း ဂျာမန် ရဲတွေက ဝန်ခံထားပါတယ်။