ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် ဥရောပ လွှတ်တော် ကြေညာ 

ဥရောပ လွှတ်တော်က ရုရှားကို အကြမ်းဖက်​ဝါဒ အားပေးတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။ 

ယူကရိန်း စစ်ပွဲမှာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ အိုးအိမ် အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဥရောပ လွှတ်တော် အမတ်တွေက ပြောပါတယ်။ 

ဥရောပ လွှတ်တော်ရဲ့ မဲခွဲ ဆုံးဖြတ်မှုအရ ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်လိုက်ကြောင်း နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီကိစ္စဟာ ရုရှားအတွက် သိက္ခာထပ်ကျတာအပြင် အကြီးအကျယ် ထိခိုက်မယ့် အလားအလာမျိုးတော့ မရှိပါဘူး။ ဥရောပ သမဂ္ဂက လွှတ်တော်ရဲ့ ဆုံးဖြတ် ကြေညာချက်ကို ထောက်ခံပေးမယ့် ဥပဒေရေးရာ မူဘောင်မျိုး ရေးဆွဲမထားပါဘူး။ 

ဒါပေမဲ့လည်း ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ချိန် ကတည်းက ဥရောပ သမဂ္ဂဟာ ရုရှားအပေါ် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ 

ရုရှား အစိုးရဖက်ကတော့ ဥရောပ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါကြီးမောကြီးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ဒါဆို သူလည်း ဥရောပ လွှတ်တော်ကို အရူး​ဝါဒ အားပေးတဲ့ အဖွဲ့အစည်းလို့ အဆိုပြုလို့ ရတာပဲလို့ Telegramမှာ ရေးသားခဲ့ပါတယ်။ 

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဥရောပ လွှတ်တော်ရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး ရုရှားဟာ ယူကရိန်းမှာ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ကဏ္ဍအားလုံးကို ဝိုင်းပယ်ထားတာ ခံရတဲ့ အခြေအနေမျိုး ဖြစ်သင့်တယ်လို့ ပြောကြားသွားပါတယ်။ 

ဥရောပ သမဂ္ဂကတော့ ရုရှားကို အကြမ်းဖက်အားပေး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားတာမျိုး မရှိသေးပေမယ့် သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ ပိုလန်နဲ့ အက်စ်တိုးနီးယားတို့ကတော့ နိုင်ငံအလိုက် အဲဒီလို သတ်မှတ်ချက်တွေ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Delta News

Read Previous

ဂျာမနီ ပြတိုက်တစ်ခုက ယူရို တစ်သန်းခွဲကျော် တန်တဲ့ ရွှေဒင်္ဂါးတွေ ကိုးမိနစ်အတွင်း ခိုးယူခံရ

Read Next

ပုသိမ်မှာ ဒီချုပ်အမတ် ၃ ဦး အပါအဝင် ၁၁ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ကျော် နှစ်ရှည်ထပ်တိုးချ